Skip to main content

နမ့်ဆန်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ အောက်ဆီဂျင်စက်ရုံဖွင့်လှစ် တစ်ရက်လျှင် လီတာ ၄၀ ဆံ့ ၇၂ လုံး ထုတ်လုပ်ပေးနိုင်မည်

 

နေပြည်တော် အောက်တိုဘာ ၂

 

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားများ၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ကောင်စီ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် နမ့်ဆန်ဒေသ တိုင်းရင်းသားပြည်သူများက စုပေါင်းလှူဒါန်းသည့် Boly စက်အမျိုးအစား Oxygen Plant စက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံကြီးရှိ အဆိုပါ Oxygen Plant စက်ရုံ၌ ပြုလုပ်သည်။

 

အဆိုပါဖွင့်ပွဲသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရဲအောင်ထွန်း၊ နမ့်ဆန်မြို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

 

ယင်းနောက် တာဝန်ရှိသူများက အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီး ပြန်လည်ပေးအပ်ကြသည်။

 

အဆိုပါ Oxygen Plant စက်ရုံမှ တစ်နေ့လျှင် ၄၀ လီတာဝင် အောက်ဆီဂျင် ၇၂ လုံးအား ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများနှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်