နေပြည်တော် အောက်တိုဘာ ၂
ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက် ရှိသည်။ ထိုသို့ ထိုးနှံပေးရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေး (၂၄)သန်း စာချုပ်ချုပ်ဆိုဝယ်ယူထားသည့်အနက် ကာကွယ်ဆေးအလုံးရေ (၄)သန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ ညနေ ၅ နာရီတွင် ထပ်မံရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူသည်။ အဆိုပါကာကွယ် ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီး လမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွား မည်ဖြစ်ကြောင်းသိရသည်။
ယခုရောက်ရှိလာသောကာကွယ်ဆေးများကို မူလဦးတည်အုပ်စုများနှင့် ထပ်မံတိုးချဲ့ထားသော ဦးတည်အုပ်စုများအား ဦးစားပေး အစီအစဉ်များအလိုက် ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်သည်။
ယနေ့အထိ ကာကွယ်ဆေးများရောက်ရှိလာမှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသော COVISHIELD (၂)သန်း၊ Sinopharm (၁၄)သန်း၊ Sinovac (၂)သန်း စုစုပေါင်း(၁၈)သန်း ရောက်ရှိပြီးဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ လှူဒါန်းသော COVID-19 ရောဂါကာကွယ်ဆေး doses (၅)သန်းကျော် အားလည်း လက်ခံရရှိပြီး ဖြစ်သည်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၁ ရက်အထိ လူဦးရေစုစုပေါင်း (၈,၂၆၄,၁၅၇) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၃,၈၆၃,၃၄၄) ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၄,၄၀၀,၈၁၃)ဦးရှိပြီဖြစ်သည်။
သို့ဖြစ်ပါ၍ အောက်တိုဘာ ၁ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၁၂,၁၂၇,၅၀၁) ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း သိရှိရသည်။
မိဘပြည်သူများအနေဖြင့် မိမိအတွက်ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့်ထိုးနှံ မှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ် ရက်တွင် (သို့မဟုတ်) အနီးဆုံးသတ်မှတ် ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီး ဌာနက တိုက်တွန်းနှိုးဆော်ထားသည်။
(သတင်းစဉ်)