နေပြည်တော် အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ငွေကျပ် ၁၈ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)နှင့် ကတ်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် စက်တင်ဘာ ၂၉ ရက် ည ၈ နာရီခွဲတွင် အမရပူရမြို့နယ် စွယ်တော်ကားဝင်းရှေ့ ၆၂ လမ်း ပေါ်တွင်ရပ်တန့်ထားသည့် FUSO ၁၂ ဘီး ကွန်တိန်နာယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်မောင်း ဖြိုးမင်းသူ(၃၃နှစ်)နှင့် ဇော်ထွေး(၃၈နှစ်)တို့ကို တွေ့ရှိရပြီး အဆိုပါ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၁၈ ဘီလီယံ တန်ဖိုးရှိအိုက်စ်(မက်သ်အဖက်တမင်း)ကီလို ၈၀၀ နှင့် ကတ်တမင်း ကီလို ၂၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်