နေပြည်တော် အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် နှင့်အဖွဲ့ဝင်များက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါကုဆေးရုံကြီး၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လည်းကောင်း ယနေ့တွင် သွားရောက်ကာ ကြည့်ရှုအားပေး၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက် ကောင်းမွန်မှု အခြေအနေများကို မေးမြန်းအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ် သည်။
အလားတူ ယနေ့တွင်လည်း ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ကန်းညီနောင် ကျေးရွာရှိ တပ်မတော်ဆေးရုံ၊ တနင်္သာရီ တိုင်းဒေသကြီး ရေဖြူမြို့နယ် ကလိန်အောင်မြို့ရှိ တပ်မတော် ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်။ မိသားစုဝင်များနှင့် ဒေသခံပြည်သူများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ် ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများကို မေးမြန်းအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည် များ ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်