Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ ဆန်၊ ဆီများ၊ စားသောက် ကုန်များနှင့် အသား၊ ငါးများအား ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကား ရောင်းချပေးသည့် အစီအစဉ်အား တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ အောက်တိုဘာ ၁

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးအတွက် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်း အစီအစဉ်ကို ယနေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၀ ခုမှ အိမ်သုံးဆေးဝါး ၁၁၆ မျိုးအား ရောင်းချ ပေးခဲ့သည်။

အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ အမှတ်(၁၀၄/၁၀၈) နေရာ၌လည်း ၃၅ ရက်နေ့အဖြစ် ယနေ့တွင် ဆက်လက် ရောင်းချပေးခဲ့သည်။  

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်ကြီး များအသင်းတို့၏ စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်လည်း ရွေ့လျားဈေးကားဖြင့် ဆန်၊ ဆီများ၊ စားသောက်ကုန်များနှင့် အသား၊ ငါးများကို ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်