နေပြည်တော် အောက်တိုဘာ ၁
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာ အလယ်တန်းကျောင်းနှင့် အထက်တန်း ကျောင်းများမှ ကျောင်းသား ကျောင်းသူများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာအလယ်တန်း ကျောင်းနှင့် အထက်တန်း ကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး တက်ရောက်လာသည့် သက်ဆိုင်ရာ ဌာနအသီးသီးမှ ဆွေးနွေးပြောကြားပေးကြရန် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလတွင် ရောဂါကူးစက်ဖြစ်ပွားမှုများကို လျှော့ချနိုင်ရေးအတွက် ကျောင်းများကိုလည်း ပိတ်ထားခဲ့ရပါကြောင်း၊ ကျောင်းများ ပိတ်ထားရသည်နှင့်အတူ ကျောင်းသား အရွယ်ကလေးငယ်များ၏ ပညာသင်ကြား ခွင့်များလည်း ဆုံးရှုံးနေရပါကြောင်း၊ မိမိတို့နိုင်ငံတွင် အသက် ၅၅ နှစ်နှင့်အထက် မိဘပြည်သူများ အပါအဝင် ဦးစားပေးအုပ်စု များအား ဦးစားပေးအစီအစဉ် အလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလတွင် ကျောင်းများပြန်လည်ဖွင့်လှစ်ရာ၌ ရောဂါကူးစက် ခံရမှုအန္တရာယ်မှ ဘေးကင်းလုံခြုံစွာဖြင့် ဖွင့်လှစ်နိုင်ရန်လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက် နိုင်ရေးအတွက် အသက် ၁၂ နှစ်မှ ၁၈ နှစ်အကြားရှိ အခြေခံပညာ ကျောင်းသားများကို Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ နေပြည်တော်တွင် ကနဦး စီမံချက်အဖြစ် စတင်ထိုးနှံ ပေးမည်ဖြစ်ပါကြောင်း။
ထိုးနှံပေးသွားမည်
နိုင်ငံတကာတွင်လည်း မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည့် နိုင်ငံများရှိနေပြီဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် WHO ၏ အရေးပေါ် အသုံးပြုခွင့်စာရင်း (Emergency Use List) တွင် ပါဝင်သည့် Covishield၊ Sinovaci Sinopharm သုံးမျိုးကို လတ်တလော ထိုးနှံလျက်ရှိသည့်အနက် ကလေးငယ်များတွင် ဘေးကင်းလုံခြုံ စိတ်ချစွာ အသုံးပြုနိုင်သည့် Sinovac ကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ် ပါကြောင်း၊ Sinovac ကာကွယ်ဆေးများကို အခြေခံပညာကျောင်းများတွင် ကျောင်းတက် ရောက်မည့် ကျောင်းသားဦးရေအရ အဆင့်လိုက်ရရှိနိုင်ရေးအတွက် ကြိုတင်စီစဉ်ထားရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထပ်မံ၍လှူဒါန်းသည့် Sinovac ကာကွယ်ဆေး နှစ်သန်းသည် လည်း မကြာမီ ထပ်မံရောက်ရှိလာမည် ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက စက်တင်ဘာ ၃၀ ရက်တွင် ပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် တုံ့ပြန်ရေး ကော်မတီ အစည်းအဝေး လမ်းညွှန်မှုများအရ နေပြည်တော် အတွင်း Pilot Project အနေဖြင့် အသက် ၁၂ နှစ်မှ ၁၈ နှစ်အကြား အခြေခံပညာ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူမှုမှ ကာကွယ်ဆေး ၁၄ သန်း၊ မိတ်ဆွေနိုင်ငံများမှလှူဒါန်းသည့်ကာကွယ်ဆေး ငါးသန်းအပါအဝင် စုစုပေါင်းကာကွယ်ဆေး ၁၉ ဒသမ ၆ သန်း ရောက်ရှိပြီး ကာကွယ်ဆေး ထိုးနှံမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နေ့စဉ် ၂ ဒသမ ၅ သိန်းနှင့် သုံးသိန်းကြိမ်ရေအထိ ထိုးနှံပေးလျက်ရှိပါကြောင်း တင်ပြသည်။
တင်ပြဆွေးနွေး
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (မကူးစက်)က ကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ဆေးထိုးနှံခြင်း အစီအစဉ်ကို ရှင်းလင်း တင်ပြခြင်း၊ တပ်မတော်(ကြည်း၊ရေ၊လေ) သတင်းနှင့် နည်းပညာဌာန ဌာနမှူးက ကျောင်းသား များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအတွက် ကာကွယ်ဆေး ထိုးနှံခြင်းစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Vaccine Management Information System-VMIS)တွင် စာရင်းရေးသွင်းခြင်းကို ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသူ ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်