Skip to main content

အာဆီယံနှင့် အရှေ့အာရှနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများအကြား ပညာရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၁

(၅) ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံများမှ ပညာရေးဝန်ကြီးများ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ က အိမ်ရှင်အဖြစ် ယနေ့နံနက် ၉ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ ဖိလစ်ပိုင်သမ္မတ H.E. Rodrigo Roa Duterte က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဖိလစ်ပိုင် poco&C: H.E. Leonor Magtolis Briones က မိန့်ခွန်းပြောကြားသည်။

အမြင်ချင်းဖလှယ်

ဆက်လက်၍ အစည်းအဝေးကို ကျင်းပရာ ဖိလစ်ပိုင်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့က သဘာပတိနှင့် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကြသည်။ အစည်းအဝေးတွင် အာဆီယံ ၁၀ နိုင်ငံနှင့် အပေါင်း ၃ နိုင်ငံများဖြစ်ကြသော တရုတ်၊ ဂျပန်နှင့် ကိုရီးယား သမ္မတနိုင်ငံတို့မှ ပညာရေး ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့က မိန့်ခွန်းပြောကြားကာ ပညာရေးဖွံ့ဖြိုး တိုးတက်ရေး အတွေ့အကြုံများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ဆက်လက်၍ (၅) ကြိမ်မြောက် အာဆီယံ+၃ ပညာရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်ကို ဆွေးနွေးအတည်ပြု ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပူးတွဲကြေညာချက်တွင် အာဆီယံ+၃ ပညာရေးစီမံကိန်း (၂၀၁၈-၂၀၂၅)နှင့် အာဆီယံ ပညာရေးစီမံကိန်း (၂၀၂၁-၂၀၂၅) ကို ချိတ်ဆက်ပူးပေါင်း အကောင်အထည်ဖော်ရေး၊ အာဆီယံ အပေါင်း ၃ နိုင်ငံများက အာဆီယံတက္ကသိုလ်များ ကွန်ရက်နှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်ရေး၊ ပညာတော်သင်ဆုများ တိုးမြှင့်ချီးမြှင့်ရေးနှင့် အရည်အသွေး အာမခံမှုပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များကို ညှိနှိုင်း သဘောတူညီခဲ့ကြသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်တက်ရောက်ပြီး ဆွေးနွေး ပြောကြားသည်။

ဆွေးနွေး

(၅) ကြိမ်မြောက် အရှေ့အာရှ ပညာရေး ဝန်ကြီးများ ထိပ်သီးအစည်းအဝေးကို မွန်းလွဲ ၁ နာရီတွင် ကျင်းပရာ ဖိလစ်ပိုင်နိုင်ငံ ပညာရေးဝန်ကြီးက သဘာပတိအဖြစ် ဆောင်ရွက်သည်။ အာဆီယံ ၁၀ နိုင်ငံမှ ပညာရေးဝန်ကြီးများ၊ အရှေ့အာရှနိုင်ငံများ ဖြစ်ကြသည့် တရုတ်၊ ကိုရီးယား၊ ဂျပန်နှင့် အာဆီယံ ဆွေနွေးဖက်နိုင်ငံများဖြစ်ကြသည့် ဩစတြေးလျ၊ အိန္ဒိယ၊ နယူးဇီလန်၊ ရုရှား၊ အမေရိကန်ပြည်ထောင်စုမှ ပညာရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်တို့က ပညာရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးကြသည်။

ဆွေးနွေးအတည်ပြုခဲ့

(၅)ကြိမ်မြောက် အရှေ့အာရှ ပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေး၏ ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ရာတွင် အာဆီယံပညာရေး ပြန်လည် အားကောင်းရေး မူဘောင်အရ ၂၁ ရာစု စွမ်းဆောင်ရည်များနှင့် ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများ ရရှိစေရန် နည်းပညာ အသုံးပြုသင်ကြားရေး နည်းလမ်းများ၊ ကျောင်းသားဖလှယ်ရေး အစီအစဉ်များ၊ ပညာသင်ဆု ချီးမြှင့်မည့် အစီအစဉ်များ၊ အခြေခံ ၊ ပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာနှင့် သက်မွေးပညာတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံနှင့် အရှေ့အာရှနိုင်ငံများ၊ ဆွေးနွေးဖက် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ကိစ္စရပ်များကို ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်