Skip to main content

ပုံမှန်အတိုင်းလည်ပတ်နိုင်ရန် ဦးတည်ကြိုးပမ်း

 

လက်ရှိကာလ၌ အရေးတကာအရေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းရေးသည် အရေးအကြီးဆုံး ဖြစ်သည်။ ရောဂါဖြစ်ပွားနှုန်း ကျဆင်းလာပြီး စိတ်ချရသည့်အခြေအနေရောက်လျှင် လူမှုစီးပွားဘဝများအားလုံး ပုံမှန်လည်ပတ် နိုင်ပြီး အစစအရာရာအဆင်ပြေလာမည်ဖြစ်သည်။ ယခုအချိန်အခါတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကျဆင်းလာသည်ဆိုသော်လည်း စိတ်ချရသည့် အခြေအနေတစ်ခုသို့ မရောက်သေးသဖြင့် အထူးသတိပြုကာ ပိုမိုအလေးထားဆောင်ရွက်ကြရမည် ဖြစ်သည်။

လက်ရှိ၌ ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားဆဲဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက အဆိုးရွားဆုံး ဖြစ်ပွားခဲ့ကာ ယခုအခါတွင် ရောဂါဖြစ်ပွားနှုန်းကျဆင်းနေ သည်။ စက်တင်ဘာ၂၇ ရက်က ဖြစ်ပွားနှုန်း ၇ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး စက်တင်ဘာ ၂၉ ရက်က ၈ ဒသမ ၃ ရာခိုင်နှုန်းရှိကာ စက်တင်ဘာလ ၃၀ ရက်က ၈ ဒသမ ၀ ရာခိုင်နှုန်းရှိသည်။ အချို့မြို့နယ်များတွင် ဖြစ်ပွားနှုန်း ဆက်တိုက်ကျဆင်းနေသဖြင့် stay at Home သတ်မှတ်ထားမှုကို ဖြေလျှော့ပေးခဲ့သည်။ အချို့မြို့နယ်များမှာမူ ဖြစ်ပွားနှုန်း မကျဆင်းသေးဘဲရှိနေသည်။ တစ်နိုင်ငံလုံးအတိုင်းအတာ အားဖြင့်မူ ဖြစ်ပွားနှုန်းကျဆင်းနေပြီး နိုင်ငံတော်အစိုးရက ရောဂါကူးစက်မှု ငါးရာခိုင်နှုန်း အောက်ကျဆင်းစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှု စစ်ဆေးလျက်ရှိပြီး စတုတ္ထလှိုင်း ဖြစ်ပွားလာပါကလည်း ကြိုတင်ပြင်ဆင် ဆောင် ရွက်လျက်ရှိသည်။ ထို့ကြောင့် ကိုဗစ်နှင့်ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းများကို တစ်ဦးချင်း ဆက်လက်ဆောင်ရွက်ကြရန် လိုအပ်သည်။ ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါဖြစ်ပွားနေဆဲ ကာလတွင် မိမိတို့၏လူမှုစီးပွား ဘဝများ ပုံမှန်လည်ပတ် နိုင်အောင် သတိထားဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် လူငယ်လူရွယ် များ အနာဂတ်မပျောက်အောင် ကျောင်းများပုံမှန်ဖွင့်လှစ် နိုင်ရေးသည် အရေးကြီးသဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်းကျဆင်းမှု အပေါ်မူတည်၍ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်အောင် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေသည်ကို တွေ့ရသည်။

ယခုအချိန်၌ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများအဆက်မပြတ်ရောက်ရှိနေပြီး ဦးစားပေးအုပ်စုအလိုက် ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံထားခြင်းသည် ရောဂါကူးစက်မှုကို လျှော့ချနိုင်ပြီး စိတ်ချရ သောအခြေအနေရှိသောကြောင့် ကာကွယ်ဆေး ထိုးနှံခြင်းကို အသိတရားဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အကုန် ဒီဇင်ဘာလတွင် အသက် ၁၈ နှစ်အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ် ဆေးထိုးနှံပြီးဖြစ်အောင် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ရောဂါပိုး ကူးစက် ပြန့်ပွားနှုန်းသည် ယခင်ကလောက် မပြင်းထန်တော့ဘဲ နေ့စဉ်ကူးစက်မှုနှုန်း ရှစ်ရာခိုင်နှုန်းနှင့် ခုနစ်ရာခိုင်နှုန်းအား ကျဆင်းနေသည့်အတွက် ကျောင်းသား ကျောင်းသူများ စာသင်နှစ်တစ်နှစ် မဆုံးရှုံးစေရန် အောက်တိုဘာလအလွန်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်အောင် ပြင်ဆင် လျက် ရှိသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ဒယ်လ်တာပိုး ကူးစက်ပြန့်ပွားမှုတွင် နိုင်ငံတချို့ရှိ ကလေးသူငယ်အချို့၌ ကူးစက်မှုဖြစ်ပေါ်ခဲ့ပြီး တရုတ်နိုင်ငံထုတ် စင်နိုဗစ်ကာကွယ်ဆေးကို ထိုးနှံထားခြင်းဖြင့် ကလေးသူငယ်များ ဘေးထွက် ဆိုးကျိုးနည်းပါးစွာဖြင့် ကာကွယ်နိုင်သည်ဟု သိရသည်။ အကယ်၍ ရောဂါကူးစက် ခံရပါက ရောဂါပြင်းထန်စွာ ခံစားရမှုကို ထိထိရောက်ရောက် လျှော့ချနိုင်သည့်အကျိုးကျေးဇူးများရှိကြောင်းသိရသည်။ ယခုအခါ အဆိုပါကာကွယ်ဆေးကို ကလေးငယ်နှင့် လူငယ်များအား ထိုးနှံပေးလျက်ရှိရာ တရုတ်နိုင်ငံ၌ အသက် သုံးနှစ်မှ ၁၇ နှစ်ကြား ၆၃ သန်းကိုလည်းကောင်း၊ ချီလီနိုင်ငံ၌ အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြားရှိ ကလေးလူငယ် ၁၁ သိန်းကျော်ကိုလည်းကောင်း၊ ကမ္ဘောဒီယားနိုင်ငံ၌ အသက် ခြောက်နှစ်မှ ၁၇ နှစ်ကြား ၃ သိန်း ၅ သောင်းကျော်ကိုလည်းကောင်း ကာကွယ်ဆေး စိတ်ချလက်ချ ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း ရောဂါဖြစ်ပွားနှုန်းသိသာစွာကျဆင်းလာမည့် မကြာမီကာလတွင် ကလေးလူငယ်များအား ကာကွယ်ဆေး ထိုးနှံပေးပြီး ပညာဆက်လက်သင်ကြားနိုင်အောင် ဆောင်ရွက်မည်ဟုသိရသည်။ ။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်းကျဆင်းလာနေပြီး ပြည်သူများ လူမှုစီးပွားဘဝ ပုံမှန်လည်ပတ်အောင် ဆောင်ရွက်လျက်ရှိရာ ကလေးသူငယ်လူငယ်လူရွယ်များ အနာဂတ်မျှော်လင့်ချက်ရောင်ခြည် ပေါ်ထွက်လာအောင် စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် ကျောင်းသား ကျောင်းသူ များအားလုံး ကာကွယ်ဆေးထိုးနှံရေးစီမံချက်ကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း။ ။

ကြေးမုံအယ်ဒီတာ့အာဘော်