နေပြည်တော် စက်တင်ဘာ ၃၀
ပညာရေးဝန်ကြီးဌာန၊ အခြေ ခံ ပညာဦးစီးဌာန၊ အလယ်တန်း၊ အထက်တန်း အသက်(၁၂)နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ဆေးထိုးနှံပေး နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ် သာအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက်ကြ သည်။
မြန်မြန်ဆန်ဆန်ကာကွယ်ဆေးထိုး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မကြာမီဖွင့်လှစ်မည့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး အတွက် ဆောင်ရွက်သင့်သည့်အချက်များ၊ ကာကွယ်ဆေးအား ရရှိသည့် ဆေးအရေအတွက်များ အလိုက် ထိုးနှံပေးနိုင်မည့် အခြေအနေများနှင့် မြန်မြန်ဆန်ဆန် ကာကွယ်ဆေးထိုးနှံနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အချက်များ ဆွေးနွေးနိုင်ရန် ယခုအစည်းအဝေး ကျင်းပပြုလုပ် ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ တတိယလှိုင်းကာလ အတွင်း ယမန်နေ့ ကမ္ဘာတစ်ဝန်း ထပ်မံကူးစက်မှု အနေဖြင့် လေးသိန်းကျော်ရှိခဲ့ပြီး သေဆုံးမှု ၈၈၀၀ ခန့် ရှိခဲ့ကြောင်း၊ သို့ဖြစ်၍ လက်ရှိကာလအထိ တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု စက်တင်ဘာ ၃၀ ရက်အထိ ၂၃၄ သန်း ကျော်ရှိပြီး ၄ ဒသမ ၇ သန်း ကျော်သေဆုံးခဲ့သည်ကို တွေ့ရှိ ရကြောင်း၊ မြန်မာနိုင်ငံတွင် ယမန်နေ့အထိ စာရင်း များအရ ပိုးကူးစက်ပြန့်ပွားမှုအနေဖြင့် ၈ ဒသမ ၃ ရာခိုင်နှုန်းအထိ ကူးစက်မှုရှိနေသေးကြောင်း၊ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ရည်မှန်းချက်နှင့် နိုင်ငံတကာစံနှုန်း၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏သတ်မှတ်ချက်များအရ ရောဂါကူးစက်မှုနှုန်း ၅ ရာခိုင်နှုန်းအောက်မှ လုံးဝ ကူးစက်မှု မရှိတော့သည့်အထိ ကျဆင်းရေးကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအကုန်တွင် မြန်မာနိုင်ငံအတွင်းရှိ အသက် ၁၈ နှစ်အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပြီးဖြစ်အောင် ရည်မှန်းချက် ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း။
အမြန်ဆုံး ကျောင်းပြန်လည်တက်ရောက်နိုင်
မိမိတို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီကလည်း ချမှတ်ထားသည့် ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အရေး ပေါ်တုံ့ပြန်ရေးအဖွဲ့များနှင့် ပေါင်းစပ်ပြီးကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ ဥက္ကဋ္ဌက မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူခွင့် တစ်နှစ် ဆုံးရှုံးမှု မရှိစေရေးအတွက် စာသင်ကျောင်း များကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းဆောင်ရွက် ခဲ့ကြောင်း၊ သို့ရာတွင် ကိုဗစ်-၁၉ရောဂါတတိယလှိုင်း ကူးစက်ပြန့်ပွားမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ဖြစ်ပွားခဲ့ပြီး မိမိတို့နိုင်ငံကိုပါ ကူးစက်မှုများပြားလာသည့်အတွက် စာသင်ကျောင်းများကို ပြန်လည်၍ ယာယီပိတ်ခဲ့ရပါကြောင်း၊ ယခုအခါ ရောဂါပိုးကူးစက်ပြန့်ပွားမှု နှုန်းသည် ယခင်ကလောက် မပြင်းထန်တော့ဘဲ ပိုးကူးစက်မှု ရာခိုင်နှုန်း သည် နေ့စဉ် စစ်ဆေးသည့် ပမာဏ၏၈ ရာခိုင်နှုန်းနှင့် ၇ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၏ စာသင်နှစ်တစ်နှစ် နစ်နာမှုမရှိစေရေး အမြန်ဆုံး ကျောင်းပြန်လည် တက်ရောက်နိုင်ရန် စဉ်းစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား ၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုမခံရစေရန်နှင့်ကျန်းကျန်းမာမာဖြင့် စာပေသင်ကြားနိုင်ရန်ရည်ရွယ်၍ အောက်တိုဘာလ ကျောင်းပိတ်ရက်ရှည် ကာလအလွန်တွင် ပြန်လည် ဖွင့်လှစ်နိုင်အောင် ဆွေးနွေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့စာသင်ကျောင်းများ ပြန်လည်ဖွင့် လှစ်ရာတွင် အခြေခံပညာအလယ်တန်းနှင့်အထက် တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအားလုံးကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအပြည့်အဝထိုးနှံပေး သွားရန်လိုကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှ သာလျှင် ကျောင်းသား၊ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများ အပြန်အလှန် ယုံကြည်စိတ်ချစွာ ဖြင့် ပညာသင်ကြားနိုင်မည်ဖြစ်ပါကြောင်း။
စဉ်ဆက်မပြတ်ရရှိအောင် ကြိုးပမ်း
ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ အမြန်ဆုံးပြီးမြောက်အောင်မြင်ရေးနှင့် စာရင်းဇယားများ မှန်ကန်စေရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် ပူးပေါင်းဆောင်ရွက်ဆွေးနွေးပေးသွားရန် လိုအပ်ကြောင်း၊ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု ပြီးဆုံးမည့်ကာလကို တိတိကျကျသတ်မှတ်၍ မရကြောင်း၊ ၎င်းအပြင် ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍လည်း ၆ လ တစ်ကြိမ် ထပ်မံထိုးနှံရန် လိုအပ်သည်ဟု အကြံပြုချက်များလည်း ရှိနေပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်အစိုးရအဖွဲ့ အနေဖြင့် ကာကွယ်ဆေး စဉ်ဆက်မပြတ်ရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေး များ စဉ်ဆက်မပြတ်ရရှိနေစေရေးအတွက် မိမိနိုင်ငံတွင် ကာကွယ်ဆေးအား Ready to Fill စနစ်ဖြင့် ထုတ်လုပ်နိုင်အောင် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မကုန်မီထုတ်လုပ်နိုင်ရေး ညှိနှိုင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးထိုးနှံမှုအား ၆ လ တစ်ကြိမ် ပူပန်စိုးရိမ်မှုမရှိဘဲ ထိုးနှံနိုင်မည် ဖြစ်ပြီး ကူးစက်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်သွားနိုင်မည်ဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ညှိနှိုင်းတိုင်ပင်မှုများ ဆောင် ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကြက်ခြေနီ အဖွဲ့များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းများ၊ စာမျက်နှာ ၃ မှ အမျိုးသမီးရေးရာအဖွဲ့များ စသည်တို့မှလည်း ပါဝင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်များအလိုက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဖွဲ့စည်း ပေးမည့်အဖွဲ့များအပြင် ကျောင်းဆရာ၊ ဆရာမများ ပူးပေါင်း၍ ဆောင်ရွက်ပါက သွက်လက်မြန်ဆန်စွာ ဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် အစိုးရအဖွဲ့အသီးသီးကလည်း လိုအပ် သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် နှင့် ပူးပေါင်းချိတ်ဆက်၍ လျင်မြန်စွာ ထိုးနှံနိုင်ရေး ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း၊ ကာကွယ် ဆေးထိုးနှံရေးလုပ်ငန်းများကို မြန်မြန်ဆန်ဆန်၊ လုံလုံခြုံခြုံ ပြီးမြောက်စေရေးနှင့် စနစ်တကျ စာရင်း ဇယားပြုစုနိုင်ရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။
ဖြည့်စွက်ဆွေးနွေး
ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ကာကွယ်ဆေးထိုးနှံရာတွင် ကူညီဆောင်ရွက်ပေးမည့် စီမံချက်ကိုလည်းကောင်း၊ ပညာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တစ်နိုင်ငံလုံးရှိ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှုကို လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက Sinovac ကာကွယ်ဆေးထိုးနှံပေးမည့် စီမံချက်ကိုလည်းကောင်း ဆွေးနွေးကြပြီး တက် ရောက်လာကြသူများက ကဏ္ဍအလိုက်လိုအပ်သည် များ ဖြည့်စွက်ဆွေးနွေးကြသည်။
အသီးသီးရှင်းလင်းတင်ပြ
ထို့နောက်တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်များအလိုက် တာဝန်ရှိသူများကတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအတွင်းရှိ ကျောင်းအပ်နှံခဲ့သည့် အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူအင်အားနှင့် တက်ရောက် ခဲ့သည့် အင်အားများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။
အလေးထားဆောင်ရွက်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ချုပ်က ပညာရေးဝန်ကြီးဌာနရှိ စာရင်းဇယားအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စာရင်း ဇယားများ ကိုက်ညှိဆောင်ရွက်၍ ကျောင်းမဖွင့်လှစ်မီ ကာလအတွင်း ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင် ရွက်သွားရန် လိုအပ်ကြောင်း၊ သို့မှသာ ကျောင်းများ ပြန်လည်ဖွင့်လှစ်စဉ်တွင် ကျောင်းသား၊ ကျောင်းသူ များအား ကူးစက်ပြန့်ပွားမှု ထိန်းချုပ် တားဆီး နိုင်မည်ဖြစ်၍ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်လည်း လိုအပ်သည်များ ကြိုတင်ပြင်ဆင် ထားရန် လိုကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား စာရင်းရေးသွင်းရာ တွင် အခက်အခဲနှင့် မှားယွင်းမှုမရှိစေရေး သက်ဆိုင်ရာဌာနများ အလိုက် ပေါင်းစပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးရာတွင် လိုက်နာရမည့် အချက်များအား မိဘများပါ သိရှိစေရန်အတွက် ကြိုတင် လှုံ့ဆော်ခြင်း၊ ဆေးထိုးသည့် နေရာများတွင် အသိပေးချက်များ ဖော်ပြခြင်းတို့ကို လုပ်ဆောင်သွား ရန် လိုအပ်ကြောင်း ဖြည့်စွက်ပြောကြားသည်။
အလေအလွင့်မရှိအောင်စီမံ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က နိဂုံး ချုပ် အမှာစကားပြောကြားရာတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ကျောင်းသား၊ ကျောင်းသူများ၏ ရှိရင်းအင်အား၊ ကျောင်းအပ် နှံသည့် အင်အားနှင့် ကျောင်းတက်ရောက် ခဲ့သည့် စာရင်းဇယားများကို ပညာရေးဝန်ကြီးဌာနနှင့် ပြန်လည်တိုက်ဆိုင်စစ်ဆေး၍ နောက်ဆုံးအချက် အလက်များကို စိစစ်၍ ပြုစုတင်ပြရန်လိုကြောင်း၊ စာရင်းဇယားများ ပြုစုရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စာရင်းချုပ်သာမကဘဲ မြို့နယ် များအတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ စသည့် ကျောင်းများအလိုက် စာရင်းများခွဲခြား၍ တင်ပြရန်လိုကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း လုံခြုံရေးနှင့် ပတ်သက်၍ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပေါင်းစပ်ပြီး စနစ်တကျဖွဲ့စည်းဆောင်ရွက်ရန် လိုကြောင်း၊ ကာကွယ်ဆေးထိုးစင်တာများကို မြို့နယ်များအလိုက် ခွဲခြား၍ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအလွယ်တကူ လာရောက်နိုင်သည့်ဆုံချက် ဗဟိုနေရာများတွင်ရွေးချယ်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ကာကွယ်ဆေးထိုးနှံပေးမည့် စီမံချက်များအား ထိရောက်စွာပြုစု၍ ပြန်လည် တင်ပြသွားရန် လိုအပ်ကြောင်း၊ ယခုကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးမှုကို တိကျစွာ ပြုစု၍ မှတ်တမ်းရေးသွင်းထားရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း ဒေသကြီးများ အလိုက် ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ ဆေးထိုးနှံပြီးစီးမှု၊ ကာကွယ်ဆေးကျန်ရှိမှု၊ ဆက်လက် ထိုးနှံမှု စသည်တို့ကို ကြည့်ရှုသုံးသပ်၍ ဆေးလက်ကျန် မရှိစေဘဲ အလေအလွင့်မရှိအောင် စီမံ၍ ကာကွယ်ဆေးထိုးနှံခြင်းကို ပြီးစီးအောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ဘေးထွက်ဆိုးကျိုးနည်းပါး
ကိုဗစ်-၁၉ ကပ်ရောဂါတတိယလှိုင်း ဒယ်လ်တာပိုး ကူးစက် ပြန့်ပွားမှုတွင် နိုင်ငံအချို့ ရှိကလေး သူငယ် အချို့ကို ကူးစက်ပြန့်ပွားမှုဖြစ်ပေါ်ခဲ့ပြီး တရုတ်နိုင်ငံ ထုတ် Sinovac ကာကွယ်ဆေးကို ထိုးနှံထားခြင်းဖြင့် ကလေးသူငယ်များအား ဘေးထွက်ဆိုးကျိုး နည်းပါး စွာဖြင့် ကာကွယ်ဆေး ထိုးနှံနိုင်ခြင်း၊ ရောဂါအား ပြင်းထန်စွာ ခံစားရမှုကို ထိထိရောက်ရောက်လျော့ ကျနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရှိကြောင်း၊ ယခုအခါ အဆိုပါ Sinovac ကာကွယ်ဆေးကို ကလေးငယ်နှင့် လူငယ်များအား ထိုးနှံပေးလျက်ရှိရာ တရုတ်နိုင်ငံ၌ အသက်(၃)နှစ်မှ (၁၇)နှစ်ကြား ၆၃ သန်းအား လည်းကောင်း၊ ချီလီနိုင်ငံ၌ အသက်(၁၂) နှစ်မှ (၁၇)နှစ်ကြားရှိ တစ်သန်းတစ်သိန်းကျော် အား လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၌ အသက်(၆) နှစ်မှ (၁၇)နှစ်ကြား သုံးသိန်းငါးသောင်းကျော်အား လည်းကောင်း ထိုးနှံခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်