Skip to main content

ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး

ယာယီပိတ်ထားရသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက် နိုင်ငံတော်က ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ အစစအရာရာ အဆင်ပြေပါက လာမည့်သီတင်းကျွတ် ကျောင်းပိတ်ရက် ကာလ၊ အလွန်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်သည်။ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် အဓိကစိန်ခေါ်မှုမှာ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ် ထိန်းချုပ် နိုင်ရေးပင်ဖြစ်ရာ ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လုံးဝမရှိတော့သည့် သုညအခြေအနေသို့ ရောက်ရှိမည်ဆိုလျှင် အကောင်းဆုံးပင်ဖြစ်သည်။

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုရာခိုင်နှုန်းသည် စက်တင်ဘာ ၃၀ ရက်နေ့တွင် ၈ ရာခိုင်နှုန်းတွင် ရှိနေသေးသည့်အတွက် ဆက်လက်လျော့နည်းကျဆင်းလာစေရန် ကြိုးပမ်း ကြရဦးမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ် ထိန်းချုပ်နိုင်ရေးတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် ကူးသန်းသွားလာမှုများ ကန့်သက်ရေးသည်လည်းကောင်း၊ ရောဂါကာကွယ် ဆေးထိုးနှံလွှမ်းခြုံရေးသည်လည်းကောင်း အဓိကကျသော နည်းလမ်းများဖြစ်သည်။ အိမ်မှာနေပြီး ပြင်ပသွားလာမှုအပေါ် ကန့်သက်ထားခြင်းသည် ကပ်ရောဂါပျံ့နှံ့မှု ထိန်းချုပ်ရေးတွင် လွန်စွာ အရေးပါပြီး ထိရောက်မှုရှိသော်လည်း တစ်ဖက်တွင် စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့အပေါ် ကြီးမားသည့် သက်ရောက်မှုဖြစ်ပေါ်စေသည်။ သို့ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးခြင်းမှတစ်ဆင့် ယခုနှစ်ဒီဇင်ဘာလကုန်တွင် အသက် ၁၈ နှစ်အထက်လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပြီးဖြစ်စေရန် ရည်ရွယ်ချက်ချမှတ် ဆောင်ရွက်လျက်ရှိရာ ပြည်ပကာကွယ်ဆေး ထုတ်လုပ်သည့်နိုင်ငံများမှ ကာကွယ်ဆေးများ စဉ်ဆက်မပြတ်ရရှိသည်နှင့် အမျှရည်မှန်းချက်လည်း အောင်မြင်မည် ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံမှုသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ရာတွင် လွန်စွာထိရောက်သလို ရောဂါကူးစက်ခံရပါကလည်း ရောဂါပြင်းထန်မှုနှင့် အသက်ဆုံးရှုံးမှုအန္တရာယ်တို့မှ လွန်စွာ လျော့နည်းသက်သာစေသည်ကို သာဓကများအရ မိမိတို့တွေ့ရှိကြရ ပြီးဖြစ်သည်။ သို့ဖြစ်သည့် အတွက် ကျောင်းဖွင့်ချိန်တွင် စိတ်ချလက်ချ ကျောင်းတက်နိုင်ကြရေးအလို့ငှာ အလယ်တန်းနှင့် အထက် ကန်းအရွယ် ကျောင်းသူကျောင်းသားများ ကျောင်းမဖွင့်မီ ကပ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်မှာ အားလုံးကကြိုဆိုကြရမည့် ကောင်းသည့် အစီအစဉ်ပင်ဖြစ်သည်။ ကလေးများနှင့်လူငယ်များကို ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းသည် မိမိတို့နိုင်ငံက ပထမဦးဆုံး စွန့်စားရမည့်အလုပ်မျိုးမဟုတ်ဘဲ ကာကွယ်ဆေးထုတ် လုပ်သည့် တရုတ်နိုင်ငံ အပါအဝင် အခြားနိုင်ငံများတွင်လည်း သိန်းနှင့်သန်းနှင့်ချီ၍ ထိုးနှံပေးခဲ့ပြီး ထိရောက်စွာ ကာကွယ်ပေးနိုင်သည့် အကျိုးရလဒ်လည်း ရရှိခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ကျောင်းသူ ကျောင်းသားများနှင့် ဆရာဆရာမများတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံမှုခံယူထားပြီး ကျောင်းများ၌ စာသင်ကြားရာတွင်လည်း ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ သင်ကြားသင်ယူမှု ပြုလုပ်မည်ဆိုပါက ရောဂါကူးစက်မှုကို အကြောင်းပြု၍ ကျောင်းများ ပိတ်ရခြင်းကို ရှောင်ကြဉ်နိုင်မည်ဖြစ်ပြီး ကျောင်းသားကျောင်းသူ များ၏ ပညာသင်ကြားမှုကို စဉ်ဆက်မပြတ်စေရန် အထောက်အကူပြု နိုင်မည်ဖြစ်သည်။ ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ ဗဟုသုတသင်ကြားမှုများ ပြုလုပ်ပေးခြင်းဖြင့်လည်းကျောင်းသူ ကျောင်းသားများအတွင်း သိနားလည်မှု ပိုမိုမြင့်မား လာမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အပြည့်အဝထိုးနှံခြင်းနှင့် ရေရှည်တွင် ထပ်ဆောင်းထိုးနှံမှုများ ပြုလုပ်သွားခြင်းအားဖြင့် နိုင်ငံအတွင်း ကပ်ရောဂါကြောင့် ယာယီရပ်ဆိုင်းထားရသည့် စီးပွားရေး လုပ်ငန်းများ၊ စက်ရုံ အလုပ်ရုံ ကုန်ထုတ်လုပ်မှုများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ခရီးသွားလာရေး လုပ်ငန်းများ စသည်ကို ပြန်၍လည်ပက်လာနိုင်မည်ဖြစ်ရာ နိုင်ငံတော်၏ စီးပွားရေး ပြန်လည်နိုးထလာရေးအတွက် လွန်စွာအရေးပါသည့် အလျှောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများ ရည်မှန်းချက် ပေါက်မြောက်အောင်မြင်ရေးအတွက် ပြည်သူလူထုအားဖြင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေကြောင်း။