နေပြည်တော် စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် ငွေကျပ်သိန်း ၆,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၈ ရက် နံနက် ၆ နာရီ တာချီလိတ်မြို့နယ်၊ ဝှေလေလန်ပူးပေါင်းစစ်ဆေးရေးစခန်း၌ ဝမ်ပုံမှ တာချီလိတ်ဘက်သို့ အိုက်ခမ်း(ခ)အိုက်ကျင်(၃၅)နှစ် မောင်းနှင်လာသည့် Swift မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်နှင်ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ နံနက် ၈ နာရီ တွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ပါဝုန်းကျေးရွာအတွင်း ပုန်းခိုနေသည့် အိုက်ခမ်း (ခ) အိုက်ကျင်ကို မော်တော်ယာဉ်နှင့်အတူတွေ့ရှိရပြီး ၎င်းသယ်ဆောင်လာသည့် ကျည်မျိုးစုံ ၁၅,၀၀၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၁၁ နာရီတွင် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ဝမ်လုံနယ်မြေ၊ အိမ်အမှတ်(၇၇)ရှိ အိုက်စိုင်း(ခ) စိုင်းပေါင်း (၃၀) နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ စိုင်းစိုင်း(၃၀)နှစ်၊ အားဝေ(၂၁) နှစ်တို့အား ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၁,၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၉,၅၀၀ ဖမ်းဆီးရမိခဲ့ကြောင်း၊ အလားတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၉ ရက် ည ၈ နာရီ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ကျောက်ဂူပြင် ကျေးရွာ အနီးတွင် မိုင်းရှူး မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြံ့မြို့နယ်သို့ အောင်လင်းကျော် (၂၇)နှစ် မောင်းနှင် လာသည့် SINO TRUK မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ်ပေါ်မှ ဒေသ ကာလတန်ဖိုးငွေကျပ်သိန်း ၄,၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို ဉပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူ များအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)