Skip to main content

သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ဆက်လက်ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၃၀

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို စက်တင်ဘာ ၂၀ ရက်မှ စတင် ရောင်းချလျက်ရှိရာ ယနေ့ထိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွက် စားအုန်းဆီ ပိဿာ (၃၅၆၇၃၀၀) ၊ တန်ချိန်(၅၈၂၉) တန် ရောင်းချခဲ့ပြီး ဖြစ်သည်။

ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများအတွက် အသင်း၏ အစီအစဉ်ဖြင့် ရပ်ကွက်များသို့ ဈေးကား များဖြင့် လှည့်လည်ရောင်းချ ပေးလျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များ သို့လည်း ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ပြီး စားအုန်းဆီများကို လက်ကား ဝယ်ယူရောင်းချသူများ အနေဖြင့် လက်လီအရောင်းဆိုင်များတွင် အသားတင် အကျိုးအမြတ် ၂ ရာခိုင်နှုန်းထက် မပိုသည့် ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချသွား ရမည် ဖြစ်ကြောင်းနှင့် စားသုံးသူပြည်သူများသို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးမည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ အမှတ် (၁၀၄/၁၀၈) ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက် (ဆင်မင်းအိမ်ယာဓမ္မာရုံရှေ့) အလုံမြို့နယ်၊ ဖုန်းအမှတ်၊ ၀၉၄၄၄၄၃၇၂၉၅၊ ၀၉၄၀၁၅၂၇၀၄၉ နှင့် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဉီးစီးဌာန ၀၁၂၅၀၂၇၀၊ ၀၉၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)