နေပြည်တော် စက်တင်ဘာ ၂၉
ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာနိုင်ရန် အခက်အခဲဖြစ်ပေါ်နေသည့် နိုင်ငံသားများအား ၎င်းတို့နေရပ်သို့ အမြန်ဆုံးပြန်လည်ရောက် ရှိနိုင်ရေးအတွက် လိုအပ်သည့်ကူညီမှုများကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်းအဝေးများတွင် လမ်းညွှန်မှာကြားခဲ့သည်။
ထိုသို့ လမ်းညွှန်မှာကြားချက်နှင့်အညီ ပြည်ပရောက်မြန်မာနိုင်ငံသားများအား နေရပ်သို့ ပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်ပေး လျက်ရှိရာ မလေးရှားနိုင်ငံသို့ ရောက်ရှိနေပြီး ငွေကြေးလိမ်လည်ခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၇ ဦးကို မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးတို့မှ တာဝန်ရှိသူများ၏ ကူညီဆောင်ရွက်ပေးမှုများကြောင့် စက်တင်ဘာ ၆ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် အသုတ်လိုက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်ခဲ့သည်။
အလားတူ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၆ ဦးသည်လည်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် တရားမဝင်လမ်းကြောင်းဖြင့် ဆက်သွယ်ဆောင်ရွက်ခဲ့စဉ် ငွေကြေးလိမ်လည်ခြင်းခံခဲ့ရသဖြင့် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း လူမှုကူညီရေးအသင်း အဖွဲ့များမှတစ်ဆင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ စစ်သံ (ကြည်း၊ရေ၊ လေ) ရုံးသို့ စက်တင်ဘာ ၁၃ ရက်နေ့တွင် ဆက်သွယ်လာခဲ့သည်။
ထိုသို့ ဆက်သွယ်လာမှုကြောင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနှင့် မြန်မာစစ်သံရုံးတို့မှ တာဝန်ရှိသူများက အဆိုပါမြန်မာ နိုင်ငံသား ၆ ဦးထံမှ ငွေကြေးလိမ်လည်သွားခဲ့သူအား ဖမ်းဆီးရမိရေး မလေးရှားနိုင်ငံ ရဲသတင်းတပ်ဖွဲ့နှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ၎င်းတို့လိမ်လည် ခြင်းခံခဲ့ရသည့် ငွေကြေးများကို ပြန်လည်ပေးအပ်ခြင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရေး မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် မလေးရှားနိုင်ငံမှ ဌာနဆိုင်ရာများနှင့် လိုအပ်သည့် ညှိနှိုင်းစစ်ဆေးမှုများပြုလုပ်၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးစီမံဆောင်ရွက် ပေးခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံသား ၆ ဦးအနက် ၃ ဦးကို ယနေ့ မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာမြန်မာ လေကြောင်းလိုင်း(MAI)၏ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ရာ ညနေ ၄ နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်းနှင့် ပြန်လည်ရောက်ရှိရန်ကျန်ရှိသူ ၃ ဦးအား အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေး လိုအပ်သည့်ညှိနှိုင်းမှု၊ စစ်ဆေးမှုများဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် အခက်အခဲရှိနေသူများကို လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ပြန်လည်ရောက်ရှိရန် အခက်အခဲဖြစ်ပေါ် နေသူများအ နေဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက်ရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင် သတင်းရရှိသည်။
သတင်းစဉ်