နေပြည်တော် စက်တင်ဘာ ၂၉
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအနေဖြင့် အာဟာရပြည့်ဝရေးနှင့် အစားအစာဘေးကင်းလုံခြုံရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပပို့ကုန်များအတွက် ဈေးကွက်က သတ်မှတ် ထားသော စံချိန်စံညွှန်းပြည့်မီရေး၊ FAO, WHO နှင့် GACC တို့၏ ( ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် သက်ဆိုင်သည့် ကန့်သတ်ချက်များ ၊ ပို့ကုန်ပစ္စည်းများ ထုတ်လုပ်မှု လုပ်ငန်းစဉ် တစ်လျှောက်၏ လုပ်ငန်းခွင် အတွင်း လိုက်နာကျင့်သုံးရမည့် လမ်းညွှန်ချက်များနှင့် အညီ တိကျစွာဆောင်ရွက်ခြင်းဖြင့် မိမိတို့ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်း၏ အရည်အသွေး ကိုအာမခံချက်ကောင်းပေးနိုင်ရေးကြိုးပမ်းကြစေလိုကြောင်း ယနေ့ညနေပိုင်းက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပသည့် ရေထွက်ပစ္စည်းများတင်ပို့သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်း အနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကဆွေးနွေးပြော ကြားသည်။
ဆွေးနွေးပွဲသို့ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ လုပ်ငန်းရှင်များတက် ရောက်ဆွေးနွေးကြသည်။
ပြည်ပတင်ပို့မည့် အေးခဲငါးထွက်ကုန်များတွင် ကူးစက်ရောဂါပါဝင်မှုမရှိစေရေးအတွက် ငါးတင်ငါးချ ဆိပ်ကမ်းများ၊ စက်ရုံများရှိ အလုပ်သမားများနှင့် ပစ္စည်းထုပ်ပိုးသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖြစ် Rapid Testkit ဖြင့် စစ်ဆေး၍ မှတ်တမ်းများ ထားရှိ ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ၏ တောင်းဆိုချက်အရ ပိုမို တိကျသည့် RT-PCR စက်ဖြင့် စစ်ဆေးပေးနိုင်ရန် လိုအပ်လျက် ရှိရာ RT-PCR စက်ကို လုပ်ငန်းရှင် များ၏ကူညီဆောင်ရွက်မှုဖြင့် ဝယ်ယူနိုင်ရေးနှင့် ရောဂါစစ်ဆေးခြင်းလုပ်ငန်းကို ငါးလုပ်ငန်းဦးစီး ဌာနက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ယနေ့ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်