နေပြည်တော် စက်တင်ဘာ ၂၉
အာဆီယံ၏ နိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း(APSC) မဏ္ဍိုင်မှ (၁၅) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှု ခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေး(15th AMMTC) နှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်ကျင်းပသည်။
အစည်းအဝေးတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Dato Paduka Haji Awang Halbi bin Haji Mohd Yussof က သဘာပတိအဖြစ် ဆောင်ရွက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi က အာဆီယံဒေသတွင်း လတ်တလောဖြစ် ပေါ်တိုးတက်မှုများနှင့် အာဆီယံမူဘောင်များနှင့် ကိုက်ညှိ၍ AMMTC လုပ်ငန်းစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှဝန်ကြီးများက နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလ အတွင်း ဖြစ်ပေါ်လာသော ဒေသတွင်းမှုခင်းပြဿနာများနှင့် တားဆီးနှိမ်နင်း ရေးကြိုးပမ်းဆောင်ရွက်မှုများကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
မြန်မာနိုင်ငံ AMMTC ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က နိုင်ငံဖြတ်ကျော်မှုခင်းများနယ်ပယ်တွင် အကြမ်းဖက်မှုတိုက်ဖျက် ရေးကဏ္ဍ၌ အကြမ်းဖက်မှုကျူးလွန်နိုင်သည့် အခွင့်အရေးမရှိ စေရေး၊ အကြမ်းဖက်ဝါဒ အမြစ်ပြတ်အောင် ရှင်းလင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အကြမ်းဖက်မှု၊ လက်နက်မှောင် ခိုမှုများ၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများနှင့် လူကုန်ကူးမှုခင်းများသည် ချိတ်ဆက်မှုများရှိနေသဖြင့် တားဆီးနှိမ်နင်းရေးတွင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသတွင်းနယ်စပ်စီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက်ဖလှယ်မှုများ ထိရောက်မှုရှိအောင် တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ဆိုက်ဘာမှုခင်း တိုက်ဖျက်ရေးတွင် နည်းပညာတိုးတက်လာမှုကြောင့် သတင်းမှားများသည် သတင်းမှန်များထက် သိသိသာသာ လျှင်မြန်စွာကျယ်ပြန့်နေသဖြင့် အစွန်းရောက်အတွေးအခေါ်များ တိုးတက်ဖြစ်ပေါ်နေကြောင်း၊ ဆိုက်ဘာနယ်ပယ် Digital Platform တွင် အကြမ်းဖက်မှုကိုလှုံ့ဆော်ရန် ပိုမိုလွယ်ကူ လာသဖြင့် အာဆီယံဒေသတွင်း ဆိုက်ဘာနယ်ပယ်လုံခြုံရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက် မှုလုပ်ငန်းစဉ်တစ်ရပ် ချမှတ်အကောင်အထည် ဖော်ရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒေသတွင်း နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး၊ နိုင်ငံဖြတ်ကျော်မှု ခင်းတိုက်ဖျက်ရေး နယ်ပယ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ Share Responsibility ကို အခြေခံ၍ ဆောင်ရွက်ရေး၊ မှုခင်းဆိုင်ရာ သတင်းအချက်အလက်ဖလှယ်မှု ပိုမိုမြှင့်တင်နိုင်ရေး တို့နှင့်ပတ်သက်၍ အကြံပြုဆွေးနွေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းထူထောင်မှု လုပ်ငန်းစဉ်အောင်မြင် ရေးတွင်ထမ်းဆောင်ရမည့်တာဝန်၊ ကျေပွန်ရမည့်ဝတ္တရားများကို အထူးအလေးထားမျှဝေထမ်း ဆောင်သွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေး၊ သာယာဝပြောရေးတို့အတွက် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အမြဲအသင့်ရှိ နေပါကြောင်း ပြောကြားသည်။
15th AMMTC စုံညီအစည်းအဝေးတွင် နယ်စပ်ဒေသစီမံခန့်ခွဲရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာသဘောတရားစာတမ်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကြေညာချက်နှင့် (၁၅)ကြိမ်မြောက် အာဆီယံဝန်ကြီး အဆင့် နိုင်ငံဖြတ် ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်တို့ကို အတည်ပြုကြပြီး စက်တင်ဘာ ၃၀ ရက်တွင် AMMTC ၏ ဆက်စပ်အစည်းအဝေးများဖြစ်သည့် ဆွေးနွေးဘက် တရုတ်၊ ဂျပန်၊ ကိုရီးယား ၃ နိုင်ငံနှင့် ပူးပေါင်းဆောင် ရွက်မှုအစည်းအဝေး၊ တစ်နိုင်ငံချင်းစီနှင့် သီးခြားပြုလုပ်မည့် အစည်းအဝေးများနှင့် စပ်လျဉ်း၍အတည်ပြုကြကာ AMMTC စုံညီအစည်းအဝေး ပထမနေ့ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)