နေပြည်တော် စက်တင်ဘာ ၂၈
ငါးသယံဇာတများ ပြုန်းတီးမှုမဖြစ်ပေါ်စေရေးနှင့် ရေရှည်တည်တံခိုင်မြဲသည့် ထုတ်လုပ်မှုဖြစ်စေရန် ငါးမွေးမြူရေးလုပ်ငန်းကို နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ကိုင်လျက်ရှိနေကြပြီး ဆည်မြောင်းတာတမံများနှင့် အခြေအနေပေးသော ရေပြင်များတွင် လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူခြင်းကို ယနေ့မိတ်ဆက်ပေးခြင်း ဖြစ်ပါကြောင်း၊ ဒေသနေပြည်သူများ စမ်းသပ်ဆောင်ရွက်နိုင်ကြရန် လွယ်ကူသောနည်းလမ်းဖြင့် စတင်မိတ်ဆက်ပေးရန် လိုအပ်ကြောင်း၊ ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ်၊ ချောင်းမငယ်ရေလှောင် တမံ၌ ရှေ့ပြေးစံပြ ဆောင်ရွက်ပြသသည့် ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရေး လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က တာဝန်ရှိသူများကို ဆွေးနွေးပြောကြားသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ချောင်းမငယ် ရေလှောင်တမံအတွင်းရှိ ရေပေါ်လှောင်အိမ်အတွင်းသို့ တီလားပီးယားငါးသားပေါက် ကောင်ရေ ၃၀၀၀ ကို မျိုးစိုက်ထည့် ပေးခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက သက်ဆိုင်ရာ ဦးစီးဌာနများလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးမှာကြားပြီး Agroecological Project အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကော်ဖီစိုက်ခင်းနှင့် တစ်သျှူးငှက်ပျောစိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ ရောက်ရှိကြပြီး အသစ်တိုးချဲ့ဖွင့်လှစ်မည့် မွေးမြူရေးဒီပလိုမာသင်တန်းအတွက် တိရစ္ဆာန်မွေးမြူရေးခြံများ၊ စာသင်ဆောင်များနှင့် လက်တွေ့ဆောင်တည်ဆောက်ရေး လုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် စိုက်ပျိုးရေးဒီပလိုမာ သင်တန်းများနှင့် မွေးမြူရေးဒီပလိုမာ သင်တန်းတက်ရောက်လိုသူများကို သင်တန်းတက်ရောက်ခွင့်လျှောက်လွှာများ ခေါ်ယူထား ပြီးဖြစ်ကြောင်း ၊ တက်ရောက်လိုသူများအနေဖြင့် နေပြည်တော် (ပျဉ်းမနား)၊ သထုံ၊ မြောင်းမြ၊ ရွှေဘို၊ ပုသိမ်ကြီး၊ ပွင့်ဖြူ၊ သာယာဝတီ၊ ထားဝယ်၊ ဟဲဟိုး၊ မြစ်ကြီးနား၊ ဒီးမောဆို၊ ဇွဲကပင် (ဘားအံ)၊ လုံပီး(ဖလမ်း)၊ ကျောက်တော်၊ ဟုမ္မလင်းမြိူ့များရှိ စိုက်ပျိုးရေးသိပ္ပံ ကျောင်းများတွင် လျှောက်ထားနိုင်ကြကြောင်း၊ မွေးမြူရေးဒီပလိုမာ သင်တန်းတက်ရောက် လိုသူများသည် လတ်တလောတွင် နေပြည်တော်(ပျဉ်းမနား)၊ ပုသိမ်ကြီး၊ ဟဲဟိုး စိုက်ပျိုးရေး သိပ္ပံကျောင်းများ ၌ လျှောက်ထားနိုင်ကြမည်ဖြစ်ပြီး နောက်ပိုင်းတွင် ကျန်ရှိသည့် စိုက်ပျိုးရေး သိပ္ပံကျောင်းများ၌ မွေးမြူရေးဒီပလိုမာ သင်တန်းများ တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ဒီပလိုမာသင်တန်း သို့ တက်ရောက်ခွင့်ရရှိသူများသည် (၃)နှစ်သင်တန်း တက်ရောက်ရမည်ဖြစ်ပြီး စိုက်ပျိုးရေး ဒီပလိုမာထူးချွန်သူသည် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သို့လည်းကောင်း၊ မွေးမြူရေး ဒီပလိုမာထူးချွန်သူသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (B.A.Sc) သင်တန်းသို့လည်းကောင်း တက်ရောက်ရန် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)