ရန်ကုန် စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် နံနက် ၇ နာရီတွင် ရန်ကင်းမြို့နယ်၊ (၈)ရပ်ကွက်၊ နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်ဝန်ထမ်းအိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကြီးကြပ်၍ ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ ပုဇွန် အမျိုးမျိုးတို့ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ဈေးသို့သွားရောက်ရန်မလိုဘဲ နေအိမ်အနီး အလွယ်တကူ ဝယ်ယူနိုင် ရန်ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကို လိုက်နာ၍ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ကြရန် မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ တာဝန်ယူဆောင်ရွက်နေသော တောင်ဉက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက်၊ မာဃလမ်းရှိ ကျိုက္ကဆံ ချောင်းကူးတံတား (မာဃ) ပြန်လည်တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ စစ်ဆေးပြီး သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၄) ရပ်ကွက်၊ ရေနံ့သာလမ်းရှိ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ယူဆောင်ရွက်သော အောက်ဆီဂျင်စက်ရုံ၌ အောက်ဆီဂျင်အိုးများ ဖြည့်တင်းနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)