နေပြည်တော် စက်တင်ဘာ ၂၇
ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါး လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း၏စီစဉ်မှုဖြင့် ဒုတိယ နေရာအဖြစ် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက် လမ်းထောင့်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်း အစီအစဉ်ကို ယနေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆေးနှင့်ဆေးပစ္စည်း ဖြန့်ဖြူး ရောင်းချသောကုမ္ပဏီ ၁၂ ခုမှ အိမ်သုံးဆေးဝါး ၁၄၄ မျိုး ရောင်းချ ပေးခဲ့သည်။
အလားတူပထမအစီအစဉ်အဖြစ်ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် အလုံမြို့နယ်ကမ်းနားလမ်း လွတ်လပ်ရေးရပ်ကွက် အမှတ် (၁၀၄/၁၀၈) နေရာ၌လည်း ၃၁ ရက်နေ့အဖြစ် ယနေ့တွင် ဆက်လက်ရောင်းချပေး ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်ကြီးများအသင်းတို့၏ စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင်လည်း ရွေ့လျားဈေးကားဖြင့် ဆန်၊ ဆီများ၊ စားသောက်ကုန်များနှင့် အသား၊ ငါးများကို ရောင်းချပေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်