Skip to main content

ကျင့်ဝတ်နှင့်ညီသော သတင်းအမှန်များကို ပြည်သူလူထုသိရှိနိုင်စေရေး၊ နိုင်ငံတော်၏ ရေရှည် အကျိုးစီးပွားဖြစ်ထွန်းစေရေး တို့အတွက် ဦးတည်ရေးသားကြရန် သတင်းဌာနများအား မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက တိုက်တွန်းနှိုးဆော်

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

ကြေညာချက် (၇/ ၂၀၂၁)

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်၊ တနင်္ဂနွေနေ့

၁။ ယခုအချိန်ကာလသည် နိုင်ငံငြိမ်းချမ်းရေး၊ နိုင်ငံတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လျှောက်လှမ်းနေသော ဒီမိုကရေစီ လမ်းကြောင်း တည့်မတ်ခိုင်မာစေရေးတို့အတွက်၊ မဏ္ဍိုင်ကြီး ၄ ရပ်လုံးမှ အလေးအနက်ထားကာ ဦးတည်ဆောင်ရွက်နေသော ကာလဖြစ်၍ သတင်းတု၊ သတင်းမှားများသည် ပြည်သူလူထုကို အဆိပ်သင့်စေနိုင်ကြောင်း အထူးဂရုပြုရမည့် ကာလ ဖြစ်ပါသည်။

 

၂။ ဤကဲ့သို့သောအခြေအနေတွင် သတင်းမှားများအပေါ်အခြေခံပြီး မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အကျိုးမဲ့ဖြစ်စေသော ဆုံးဖြတ်ချက်များကို နိုင်ငံတကာပေါင်းစည်း ညီညွတ်ရေးအတွက် ဦးစီးဦးဆောင်ပြုဆောင်ရွက်လျက်ရှိသော ကမ္ဘာ့အဖွဲ့အစည်းကြီး၏ကောင်စီ တစ်ရပ်က ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

၃။ ထိုကဲ့သို့ဆိုးကျိုးများဖြစ်ပေါ်စေသည့် သတင်းတု သတင်းမှားများ ပပျောက်စေရေးအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သည် သတင်းမီဒီယာသမားများ အရည်အသွေးမြှင့်တင်ရေး သင်တန်းများ ဖွင့်လှစ်၍လည်းကောင်း၊ တိုင်းဒေသကြီးများသို့သွားရောက်ကာ ဒေသခံသတင်း သမားများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သတင်းမီဒီယာဥပဒေနှင့် သတင်းမီဒီယာကျင့်ဝတ်များကို ရှင်းလင်းခြင်းများကို လည်းကောင်း အကြိမ်ကြိမ်ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

 ၄။ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေ၍ ပြည်သူလူထုကို အဆိပ်သင့်စေသော သတင်းတု သတင်းမှားများ  ရေးသားထုတ်လွှင့်ခြင်း၊ ထိုသတင်းမှားများအပေါ် အခြေခံကာ မြန်မာနိုင်ငံ၏ မျက်မှောက်အခြေအနေကို ထင်ဟပ်စေခြင်းမရှိသည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက လက်ခံနိုင်ခြင်းမရှိပါ။

၅။ သို့ဖြစ်ပါ၍ ကျင့်ဝတ်နှင့်ညီသော သတင်းအမှန်များကို ပြည်သူလူထုသိရှိနိုင်စေရေး၊ နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေ ရေးတို့အတွက် ဦးတည်ရေးသားကြရန် သတင်းဌာနများအား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက တိုက်တွန်းနှိုးဆော်ပါကြောင်း ထုတ်ပြန်ကြေညာအပ် ပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ