နေပြည်တော် စက်တင်ဘာ ၂၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ နန်နင်းမြို့၌ ယနေ့တွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ၂၀၂၁ခုနှစ် တရုတ်-အာဆီယံ အသက်မွေးဝမ်းကျောင်း ပညာရေးပြပွဲနှင့် ဖိုရမ်ကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တက်ရောက်၍ Video Message ဖြင့်အမှာ စကားပြောကြားသည်။
အထောက်အပံ့ပြု
ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သက်မွေးပညာရေး စနစ်သည် အလုပ်အကိုင် အခွင့်အလမ်းကို ဦးတည်ပြုသော အသက်မွေးဝမ်းကျောင်းပညာရေး ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်အတွက် လိုအပ်နေသော ကျွမ်းကျင်မှု အရည်အချင်းများ ပြည့်ဝသည့် လုပ်သားများကို မွေးထုတ်ပေးနိုင်ခြင်းသည် စက်မှုလုပ်ငန်းတိုးတက်ဖွံ့ဖြိုးမှု၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချပေး နိုင်ခြင်းတို့ကို အထောက်အပံ့ပြုပါကြောင်း၊ သို့သော် ယခုအခါနေ့စဉ် နှင့်အမျှ နည်းပညာ အသစ်များ တိုးတက်ပြောင်းလဲ ဖြစ်ပေါ်လျက် ရှိပါသဖြင့် အချို့သော အသက် မွေးဝမ်းကျောင်းနယ်ပယ်များတွင် အလုပ်အကိုင်သစ်များ ပေါ်ထွက် လာပြီး ကျွမ်းကျင်မှု အသစ်များလည်း လိုအပ်လာပါကြောင်း။
နည်းလမ်းတစ်ခုဖြစ်
သို့ရာတွင် ဤသို့ လုပ်ငန်းခွင် လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေး ဆောင်ရွက်ရာ၌ နိုင်ငံများစွာတွင် စိန်ခေါ်မှုများ ရှိပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် ကဏ္ဍပေါင်းစုံမှ အားကောင်း စွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြ ရန်လိုအပ်ပါကြောင်း၊ အစိုးရများ၊ စက်မှုလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများ၊ လူမှုအသိုင်းအဝိုင်း များ၏ အမြင်များ၊ ပံ့ပိုးကူညီမှုများ၊ ရန်ပုံငွေ ထောက်ပံ့မှုများသည် သင့်လျော်သည့် သက်မွေးပညာ ရေးစနစ်ကို ချမှတ် ဆောင်ရွက်ရန် အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက် မှုသည် အဆိုပါ ကိစ္စရပ်များကို ဖြေရှင်း ဆောင်ရွက်ရန်အတွက် နည်းလမ်းတစ်ခု ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ တရုတ်-အာဆီယံ အသက်မွေးဝမ်းကျောင်း ပညာရေးပြပွဲနှင့် ဖိုရမ်သည်ဒေသတွင်း စီးပွားရေးကို ပိုမိုတိုးမြှင့် ပူးပေါင်းလုပ်ဆောင်ရန်နှင့် အရည်အချင်း ပြည့်ဝသော လုပ်သားများ ပေါ်ထွက်လာစေရန် အထောက်အပံ့ပြုသဖြင့် ကြိုဆိုပါကြောင်း၊ ဤဖိုရမ်သည် တရုတ်-အာဆီယံ အသက် မွေးဝမ်းကျောင်းပညာရေး ရေရှည်ပူးပေါင်း ဆောင်ရွက်မည့် နည်းလမ်းများကို မြှင့်တင်ရန်၊ အလေ့အကျင့် ကောင်းများကို ဝေမျှဆွေးနွေးရန် ပုံစံအမျိုးမျိုးဖြင့် အသေးစိတ် လက်တွေ့ ကျကျလေ့လာဆန်းစစ် ဆွေးနွေးကြ မည်ဟု မျှော်လင့်ပါကြောင်း။ တရုတ်နှင့် အာဆီယံတို့၏ပူးပေါင်းကြိုးပမ်းမှုဖြင့် ဤဖိုရမ်သည် အပြန်အလှန် လေ့လာသင်ယူမှုကိုမြှင့်တင် သည့် ပူးပေါင်းဆောင်ရွက် မှု၏ စံနမူနာကောင်းများကို ပြသပြီး နှစ်ဦး နှစ်ဖက် အကျိုးရှိမည့် ရလဒ်များအတွက် တရုတ် အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များကို ဆက်လက် အကောင် အထည်ဖော် ကြိုးပမ်း ဆောင်ရွက်မည်ဟု မျှော်လင့်ပါ ကြောင်း ပြောကြားသည်။
အမှာစကားများ ပြောကြား
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ပညာရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်။ အာဆီယံနိုင်ငံများမှ ပညာရေး ဆိုင်ရာအရာရှိများနှင့် ကွမ်းရှီး ကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ တာဝန်ရှိသူတို့က အမှာ စကားများ ပြောကြားကြသည်။
တရုတ်- အာဆီယံသက်မွေး ပညာဆိုင်ရာ ဆွေးနွေးပွဲသို့ လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် ဘရူနိုင်းဒါရူဆလမ် နိုင်ငံတို့မှ ပညာရေးနှင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဝန်ကြီးများ၊အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံ နှင့် အာဆီယံ နိုင်ငံများရှိကောလိပ် ၁၀၀ ကျော်မှ ကိုယ်စားလှယ်များနှင့် တရုတ်အာဆီယံသက်မွေး ပညာသင်တန်း သားများ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှနည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦးနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်းတို့လည်း ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်