နေပြည်တော် စက်တင်ဘာ ၂၇
တိရစ္ဆာန်အစာပင် ပြောင်းစိုက်ခင်း ရိတ်သိမ်းခြင်းနှင့် ပြောင်းချဉ်ဖတ်ပြုလုပ်ခြင်း သရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ် သဲကောလေးကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ နေပြည်တော်ကောင်စီ ( ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော်အတွင်းရှိ တောင်သူ များနှင့် လုပ်ငန်းရှင်များ တက် ရောက်ကြသည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးလှမိုးနှင့် ဒေါက်တာပွင့်ဆန်း တို့က အဖွင့်အမှာစကား ပြောကြားကြပြီး ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးကအခမ်းအနားကျင်းပ ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် စက်မှု လယ်ယာဦးစီးဌာန တာဝန်ရှိသူများက တိရစ္ဆာန်အစာပင်ပြောင်း စိုက်ခင်းကို ရိတ်သိမ်းစက်ဖြင့် ရိတ်သိမ်းခြင်း၊ ပြောင်းချဉ်ဖတ် ပြုလုပ်ခြင်း လုပ်ငန်းများ၊ ပြောင်းအဖြစ် ပြည်ပတင်ပို့ခြင်း လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးများနှင့် ဧည့်သည်တော် များသည် တိရစ္ဆာန်အစာပင် ပြောင်းစိုက်ခင်းကို ခေတ်မီ စက်ကိရိယာများဖြင့် ရိတ်သိမ်းနေမှု၊ ပြောင်းချဉ်ဖတ် လက်တွေ့ ပြုလုပ်နည်းအမျိုးမျိုး ဆောင်ရွက်နေမှု၊ တိရစ္ဆာန်အစာ ပြောင်း ချဉ်ဖတ်များ ထုပ်ပိုးစက်ဖြင့် စနစ် တကျ ထုပ်ပိုးနေမှုများ၊ ပြောင်း စိုက်ပျိုးသည်မှ ရိတ်သိမ်းသည် အထိ အသုံးပြုနိုင်သော လယ်ယာ သုံး စက်ကိရိယာများကို လည်းကောင်း လှည့်လည်ကြည့်ရှု အားပေးကြသည်။
သရုပ်ပြပွဲ အခမ်းအနားတွင် ဒေသနေတောင်သူများနှင့် တွေ့ဆုံစဉ် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက တောင်သူအစုအဖွဲ့ သမဝါယမ အသင်းများ ဖွဲ့စည်း လုပ်ကိုင်နိုင် ရေးနှင့် လိုအပ်သောစက်ကိရိယာများကို ဈေးနှုန်းချိုသာစွာ အရစ်ကျငွေချေစနစ်ဖြင့် အသုံးပြု နိုင်ရေးအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ်များကိုလည်း ကောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းကဈေးကွက်ကသတ်မှတ် ထားသည့် စံချိန်စံညွှန်း ပြည့်မီစွာ ထုတ်လုပ်ပြီး တိရစ္ဆာန်အစာပြောင်းချဉ်ဖတ်များအား ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင် ရေးဆိုင်ရာ များကို လည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။
အလားတူ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကတိရစ္ဆာန် အစာချဉ်ဖတ်ပြုလုပ်ထိန်းသိမ်း ခြင်းဖြင့် အချို့ဒေသ များတွင် (၂) နှစ် သိမ်းဆည်းကျွေးမွေး နိုင်ပြီး အအေးပိုင်းဒေသများတွင် နှစ်ပေါင်း (၂၀) အထိ သိမ်းဆည်း ထားနိုင်ကြောင်း၊ အစာချဉ်ဖတ်ကို ကျွေးမွေးခြင်းဖြင့် နို့ညှစ်နွားမ များတွင် နို့ထုတ်လုပ်မှု မြင့်မား လာစေခြင်း၊ နို့ခွဲနွားငယ်များတွင် ကြီးထွားနှုန်း မြင့်မားလာစေခြင်း၊ ခိုင်းကျွဲ၊ ခိုင်းနွားများတွင် လုပ်အားစွမ်းအင် တိုးမြှင့်လာစေခြင်းနှင့် အသားစားနွားများတွင် အသား တက်နှုန်း မြင့်မားလာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိ နိုင်မှုများကို ရှင်းလင်းပြောကြားသည်။
တိရစ္ဆာန်အစာ ပြောင်း ချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့ခြင်း လုပ်ငန်းအတွက် စိုက်ပျိုးထုတ်လုပ်သူများ၊ တင်ပို့သူ လုပ်ငန်းရှင်များ သိရှိလိုက်နာ ရန်လိုအပ်သည့် အချက်များကို ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ထပ်မံသိရှိလိုသည်များနှင့် အကူ အညီများရယူဆောင်ရွက်လိုပါက နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ရုံးများနှင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးများတွင် ဆက်သွယ် ဆောင်ရွက်နိုင်ကြ ကြောင်း သိရသည်။
သတင်းစဉ်