(၂၇-၉-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်ပါသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေး ခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၂၆-၉-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၉-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၇,၇၂၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁,၂၈၂)ဦးတွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့ အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၇.၂) ရာခိုင်နှုန်း ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၂၆၀,၉၅၉)ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၄၅၉,၄၃၆) ဦး ရှိပြီ ဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၈၆၆) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၄၁၃,၈၂၁)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၅၆) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၇,၅၈၃) ဦး ရှိပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေများအား ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုရေး ရက်သတ္တပတ်အလိုက် ဓာတ်ခွဲနမူနာရယူစစ်ဆေးမှု၊ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိရမှုနှင့် ရောဂါပိုး တွေ့ရှိမှုနှုန်း အခြေအနေများအား စောင့်ကြပ် ကြည့်ရှုလျက်ရှိရာ အပတ်စဉ်(၃၆)၊ အပတ်စဉ်(၃၇) နှင့် အပတ်စဉ်(၃၈) အတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း (၁၇၉,၂၂၆)ခု၊ (၁၅၈,၁၄၆)ခုနှင့် (၁၃၃,၂၈၂)ခုတို့ အသီးသီး စစ်ဆေးနိုင်ခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၇,၂၉၃)ဦး၊ (၁၄,၉၉၁)ဦးနှင့် (၁၁,၇၄၉)ဦးစီ တွေ့ရှိခဲ့သဖြင့် ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိရမှုမှာ အနည်းငယ်လျော့နည်း လာခဲ့ပြီး ပျမ်းမျှရောဂါပိုးတွေ့ရှိမှုနှုန်း မှာ (၉.၇) ရာခိုင်နှုန်း၊ (၉.၅) ရာခိုင်နှုန်း နှင့် (၈.၈) ရာခိုင်နှုန်းတို့ဖြစ်၍ ပျမ်းမျှရောဂါပိုး တွေ့ရှိမှုနှုန်းလည်း လျော့နည်းလာကြောင်းတွေ့ရှိရပြီး ထိုသို့ရောဂါကူးစက်မှု လျော့နည်းလာရ ခြင်းမှာ ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပြည်သူလူထု၏ အားတက်သရော ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်သဖြင့် ပြည်သူလူထု အနေဖြင့် မိမိတို့ကဏ္ဍအလိုက် COVID-19 ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ယခုထက် ပိုမို ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.mohs.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။