တောင်ငူ စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထိန်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တောင်ငူမြို့ ကြာနီကန်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ တောင်ငူမြို့ရှိ ပရိယတ္တိစာသင်တိုက် (၄) တိုက် နှင့် သီလရှင်စာသင် တိုက်(၁)တိုက်တို့အတွက် ဆွမ်းဆန်(၆၃)အိတ်၊ ဆီ(၁၅၇) ပိဿာ၊ ပဲ(၁၅၇)ပိဿာ၊ ဆား(၁၅၇)ပိဿာ၊ ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများနှင့် နဝကမ္မအလှူငွေကျပ်(၅)သိန်းတို့ကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့ မိုင်ဒါကွင်း၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်ပေးထားသည့် Oxygen Plant အားကြည့်ရှုစစ်ဆေးပြီး စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ ငွေကျပ် (၅)သိန်း၊ ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးတီရှပ်အထည်(၂၀)နှင့် ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် နှစ်ခြင်းခရစ်ယာန်ဘုရား ရှိခိုးကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုအား သွားရောက် ကြည့်ရှု့အားပေးပြီး ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့တွင်းလမ်းများ ပြင်ဆင်နေ မှုနှင့် တောင်ငူကျုံးဟောင်း ပြန်လည်ပြုပြင်မွန်းမံနေမှုကို လည်းကောင်း၊ တောင်ငူမြို့ ရှောင်လမ်း ဖောက်လုပ်ရန် မြေနေရာလျာထားမှု အခြေအနေ ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာ၊ ရွာသစ်လမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)