Skip to main content

အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၂၅

ကျွဲ၊ နွားအရှင်များကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချခြင်းမှ မွေးမြူသူနှင့် ကုန်သည်များ အတွက် အကျိုးအမြတ်ရရှိနေကြသော်လည်း တိရစ္ဆာန်အရှင် တင်ပို့ခြင်းထက် တန်ဖိုးမြင့်၊ အရည်အသွေးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ပါက ပိုမိုအကျိုးကျေးဇူးများ မည်ဖြစ်ကြောင်း၊ ဈေးကွက် တည်ငြိမ်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းအား ရှိသည့် တန်ဖိုးမြင့်၊ အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရန် ထုတ်လုပ်မှုလုပ်ငန်းစဉ် တွင်ပါဝင်သူအားလုံးတို့က ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ယနေ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

တက်ရောက်ဆွေးနွေး

ညှိနှိုင်းအစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမြဟန်နှင့် အဖွဲ့ဝင်များ ပါဝင်တက်ရောက် ဆွေးနွေးကြသည်။

တင်သွင်းခွင့် စိစစ်ခွင့်ပြုပေးခဲ့

ပြည်တွင်း မွေးမြူရေးလုပ်ငန်းရှင်များနှင့် တစ်ပိုင်တစ်နိုင်မွေးမြူသူ၊ ထုတ်လုပ်ရောင်းချသူ များ၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန် အေးခဲသားများ တင်သွင်းခွင့်ကို ယခင်ကကန့်သတ်ခဲ့သော်လည်း ပြည်ပဧည့်သည်များ ဝင်ရောက်လာမှုနှင့် ပြည်တွင်း စားသုံးမှု ပုံစံ ပြောင်းလဲလာမှုကြောင့် အရည်အသွေးမြင့်၊ တန်ဖိုးမြင့် အေးခဲသားများကို တင်သွင်းခွင့် စိစစ်ခွင့်ပြုပေးခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ကုမ္ပဏီ ၂၇ ခုမှ ဘဲသားနှင့် ကြက်ဆင်သား ၁၇၃ ဒသမ ၃၆ တန် တင်သွင်းခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အတွင်း ကုမ္ပဏီ ၂၃ ခုမှ အေးခဲသားတန်ချိန် ၂၂၆၃ ဒသမ ၀၅ တန် တင်သွင်းခဲ့ကြောင်း၊ ကျွဲသားကို အများဆုံးတင်သွင်းခြင်းဖြစ်ပြီး အမဲသားနှင့် ကြက်သား တင်သွင်းမှုများလည်း ပါဝင်ကာ ပြည်တွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် ပြည်ပအေးခဲသားတင်သွင်းမှုမှ အသားခြောက် ပြုလုပ်၍ မျိုးသန့်များ၊ ခေတ်မီနည်းပညာများ အသုံးပြုနိုင်ရန် အစိုးရဌာနများက ဆောင်ရွက်ပေးနိုင်ရေး၊ မွေးမြူရေးနှင့် အသားကဏ္ဍတွင် ပါဝင်ပတ်သက်သူများဘက်က လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ချမှတ်ပေးနိုင်ရေးတို့အတွက် ယနေ့ကျင်းပသည့် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်