မြန်မာနိုင်ငံသည် တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ မတူကွဲပြားသည့် ယဉ်ကျေးမှုဓလေ့ထုံးစံများဖြင့် ရှေးယခင်ကတည်းက ယနေ့ထက်တိုင် ရှင်သန်နေထိုင်ကြသည်။ အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်လျက်ရှိပြီး ပိုင်နက်နယ်မြေ သတ်မှတ်ချက်ရှိသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူများအားလုံး၏တူညီ သောစိတ်ဆန္ဒသည် လွတ်လပ်စွာ နေထိုင်လိုခြင်း၊ တန်းတူညီမျှ တူညီသည့်အခွင့် အရေးများ ရလိုကြသည်။
ထိုသို့အခွင့်အရေးဆန္ဒများကို ဖြည့်ဆည်းပေးနိုင်သည်မှာ ပါတီစုံဒီမိုကရေစီ စနစ်ဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်သည် မတူကွဲပြားမှုများကြားတွင် အများပြည်သူဆန္ဒနှင့် လိုအပ်ချက်ကို ရှေးရှု၍ နိုင်ငံရေးအရအဖြေရှာခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်သည် ငြိမ်းချမ်းစွာ အဖြေရှာခြင်း ဖြစ်သည်။ နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်း သဘောတူညီမှုရယူ ဆောင်ရွက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးမရမီကတည်းက ဒီမိုကရေစီစနစ်ဖြင့် အစချီခဲ့သည်။ လွတ်လပ်ရေး ရသောအခါ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံး၍ ငြိမ်းချမ်းသာယာဝပြောသော နိုင်ငံ တည်ဆောက်ရန်ကြိုးပမ်းခဲ့သည်။ သို့သော်နိုင်ငံရေးအမြင်နှင့် ယုံကြည်ချက် ကွဲပြား ခြားနားမှုများကြောင့် ဒီမိုကရေစီလမ်းကြောင်းမှသွေဖည်၍ လက်နက်ကိုင် လမ်းစဉ်သို့ ကူးပြောင်းခဲ့ကြသည်။ တိုင်းပြည်အတွင်း မငြိမ်းချမ်းမှုများ၊ ပဋိပက္ခများနှင့် နှစ်ပေါင်း ရှည်ကြာကြုံတွေ့ခဲ့ရသည်။
လက်နက်ကိုင်လမ်းစဉ်သည် အာဏာတည်ဆောက်ရန်အတွက် ဖြတ်လမ်းနည်း အကြမ်းဖက် လမ်းစဉ်သာဖြစ်သည်။ ပြည်သူများ မျှော်လင့်ချက်ဆန္ဒများနှင့် အလှမ်းဝေးသည့် အာဏာရှင် စနစ်သာဖြစ်သည်။ ထို့ကြောင့် လက်နက်ကိုင်အကြမ်း ဖက်လမ်းစဉ် ချုပ်ငြိမ်းရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေရသည်။ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၅/၂၀၂၁) တွင် “ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲသည့် နိုင်ငံရေးသမားများအနေဖြင့်လည်း ပါတီစုံဒီမိုကရေစီစနစ် အပေါ်တွင် မှန်ကန်သည့်အမြင်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတကာတွင်လည်း ဒီမိုကရေစီနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာဖော်ဆောင်ကြကြောင်း။ ထိုသို့ငြိမ်းချမ်းစွာဆောင်ရွက်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန်လိုပြီး ဒီမိုကရေစီ နည်းလမ်းမကျသည့် လက်နက်ဖြင့်အနိုင်ကျင့်၍ လူထုအားအကြောက် တရားဖြင့် အုပ်ချုပ်ခြင်းမျိုးကို မလိုလားကြောင်း” ပြောကြားခဲ့သည်။
တပ်မတော်သည် အစဉ်အလာကြီးမားသော ဖွဲ့စည်းတည်ဆောက်မှုဖြင့် နိုင်ငံကာကွယ်ရေး၊ နိုင်ငံသူနိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ပေးရေးအတွက် ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက် အခိုင်အမာရပ်တည် နေသောအဖွဲ့အစည်းကြီး ဖြစ်သည်။ လက်ရှိတွင် နိုင်ငံအုပ်ချုပ်ရေးနှင့်ပတ်သက်၍ တိုက်ရိုက်ဆောင်ရွက်ခြင်းမရှိဘဲ သက်ဆိုင်ရာ အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြင့် တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာရခြင်းသည် ယုံကြည်ချက် အယူအဆကွဲပြားမှု၊ နိုင်ငံရေးသမားများ၏ အာဏာရလိုမှုကြောင့် ဖြစ်ပေါ်လာသည်ကို မျက်မှောက်နှင့် အတိတ်သမိုင်းကြောင်းအရ တွေ့မြင်နိုင်ပေသည်။ တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွားလိုအင်ဆန္ဒများကို နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်ကြမည်ဆိုပါက လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်လည်း ပေါ်ပေါက် လာမည်မဟုတ်ပေ။ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရန် အတွက်လည်း တပ်မတော်သည် သမိုင်းအစဉ်အဆက် ယနေ့ထက်တိုင် လမ်းဖွင့်ပေးထား လျက်ရှိသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်မှသာ ငြိမ်းချမ်းသာယာသော နိုင်ငံအဖြစ် တည်ဆောက်နိုင်သည်ကို နိုင်ငံတကာတွင် မြင်တွေ့ကြရမည်ဖြစ်သည်။
ငြိမ်းချမ်းမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပါတီစုံ ဒီမိုကရေစီ စနစ်ဖြင့်သာ ငြိမ်းချမ်းရေးခရီးလမ်းကို လျှောက်လှမ်းနိုင်မည်ဖြစ်သည်။ ပါတီစုံဒီမိုကရေစီ စနစ်သည် နိုင်ငံရေးဖြင့် ဆောင်ရွက်သောနည်းဖြစ်၍ စိတ်ဝမ်း ကွဲပြားစရာအကြောင်းမရှိပေ။ မတူကွဲပြားမှုများကို ညှိနှိုင်းဆောင်ရွက်သည့်စနစ်ဖြစ်သည်။ နိုင်ငံရေးအား ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး ပိတ်ပင်တားဆီး ထားခြင်းလည်းမရှိပေ။ တပ်မတော်သည် ပြည်သူများ အသက်အိုးအိမ်စည်းစိမ် လုံခြုံအေးချမ်းရေးအတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး စစ်မှန်သော ဒီမိုကရေစီ ခရီးလမ်း ဖြောင့်တန်းစေရန်အတွက် လမ်းခင်းပေးနေခြင်းဖြစ်သည်။ နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ နိုင်ငံရေးသမားများ အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်အပေါ်တွင် မှန်ကန်သည့်အမြင်၊ မှန်ကန်သည့် စေတနာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်သည်။ ပြည်သူများအားလုံးအနေ ဖြင့်လည်း ပူးပေါင်းဆောင်ရွက်မှသာ မျှော်မှန်းသည့်ပန်းတိုင်ကို ရောက်ရှိနိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ ပြည်တွင်းငြိမ်းချမ်းရေးရရှိမှသာ ပြည်သူများလိုလားသည့် ပါတီစုံဒီမို ကရေစီ လမ်းကြောင်းကို လျှောက်လှမ်းရာတွင် တည်တည်ငြိမ်ငြိမ်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းဖြောင့်တန်းလျှင် ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်၍ မတူကွဲပြားသော နိုင်ငံရေးအမြင်များကို ငြိမ်းချမ်းစွာ ရှာနိုင်ရေးအတွက် လက်တွဲ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။