ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာတွင် ကူးစက်ပျံ့နှံ့လာသည့်အခါ ဦးစွာအထိနာသည့် စီးပွားရေး လုပ်ငန်းတို့တွင် ခရီးသွားလုပ်ငန်းက ထိပ်ဆုံးမှ ပါဝင်သည်။ ကပ်ရောဂါ ကာလရှည်ကြာ လာသည်နှင့်အမျှ ထိခိုက်ဆုံးရှုံးမှုကို များသထက် များလာပြီး ဆက်လက်ရပ်တည် ရှင်သန်နိုင်ရေး ခက်ခဲလာသည့်အခြေအနေသို့လည်း ရောက်ရှိလာကြကြောင်း သိရသည်။ ဟိုတယ် လုပ်ငန်းရှင်များ၊ ခရီးသွားကုမ္ပဏီများ သာမကယင်းလုပ်ငန်းနှင့် ဆက်စပ်နေသည့် သေခံဧည့်လမ်းညွှန်များ၊ အမှတ်တရပစ္စည်းထုတ်လုပ်ရောင်းချသူများ၊ စားသောက်ဆိုင်များ၊ မြင်းလှည်း၊ စက်လှေ၊ ဆိုက်ကား ပိုင်ရှင်များနှင့် လုပ်သားများ၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များ စသည့် ခရီးသွားလုပ်ငန်းကို မှီခိုလုပ်ကိုင်နေသူများ အများအပြားလည်း လုပ်ငန်းများ ရပ်ဆိုင်းသွား ခြင်းနှင့်အတူ စားဝတ်နေရေးအပေါ် ထိခိုက်ခဲ့ကြသည်။
ယခုအခါ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရာခိုင်နှုန်း တဖြည်းဖြည်း လျော့နည်းလာနေပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုမှာလည်း နေ့စဉ်နှင့်အမျှ ပိုမိုလွှမ်းခြုံလာလျက်ရှိရာ စိတ်ချရသည့် အခြေအနေတစ်ရပ်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင် နိုင်မည်ဖြစ်သည်။ လက်ရှိအချိန်သည် ကိုဗစ်-၁၉ ကာလအလွန်တွင် ဖြစ်ပေါ်လာမည့် ခရီးသွားလုပ်ငန်း၏ အခွင့်အလမ်းသစ်များ၊ စိန်ခေါ်မှုအသစ်များ၊ အတွေ့အကြုံ အသစ်များကို ကြိုတင်မျှော်တွေးပြင်ဆင် ကြရမည့် အချိန်ဖြစ်သည်။ ကိုဗစ်-၁၉ ကာလ အလွန်တွင် ခရီးသွားများသည် လူနေထူထပ်မှု မရှိသော နေရာများကို ရှာဖွေ၍ သွားလာ ကြမည်ဟု မျှော်လင့်ထားကြရာ မြို့ပြဒေသများထက် ကျေးလက်သေများ လူသူကျဲပါးသည့် သဘာဝနေရာများကိုရှာဖွေသွားလာကြ မည်ဖြစ်သည်။ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါသည် ဆက်လက်တည် ရှိနေဦးမည်ဖြစ်သည့်အတွက် ခရီးသွား ဧည့်သည်များ ယုံကြည်စိတ်ချ မှုရရှိနိုင်ရေး ဘေးကင်းလုံခြုံမှုများ ဦးစားပေးဆောင်ရွက်ထားကြ ရမည်ဖြစ်ပြီး ဧည့်သည် များအတွက် ဝန်ဆောင်မှုပေးမည့်သူအားလုံး ကျန်းမာရေးအသိပညာ ပြည့်ဝစေရေး အတွက်လည်း လေ့ကျင့်ပေး ထားရန် လိုအပ်မည်ဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန်တွင် ပြန်လည်စတင်ရမည့် ခရီးသွားလုပ်ငန်းသည် ပြည်တွင်း ခရီးသည်များအတွက် ရည်ရွယ်သည့် ပြည်တွင်းခရီးသွားလုပ်ငန်းဖြစ်သည်ဟူ၍ ခရီးသွား လုပ်ငန်းရှင်များက ရှုမြင်ထားကြကြောင်း သိရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အိမ်တွင်းအောင်းနေခဲ့ရသည့် ပြည်သူအများအပြားမှာ ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်မည့်အချိန်ကို စောင့်မျှော်မျှော်နေကြသလို အခြားတစ်ဖက်တွင်လည်း စီးပွားရေးကျဆင်း ထိခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် သုံးစွဲနိုင်မှု လျော့ကျနိုင်သည်ကို တွက်ဆထားရမည်ဖြစ်သည်။ ဈေးနှုန်းသက်သာစွာဖြင့် သွားလာနိုင် သည့် ခရီးစဉ်အသစ်များ၊ လုံခြုံစိတ်ချရပြီး စိတ်ကျေနပ်မှု ပြည့်ဝစွာ ပေးနိုင်သည့် ဝန်ဆောင်မှုများဖြင့် ခရီးသွားများကို ဆွဲဆောင်ကာ ကာထွက်ကောင်းမွန်မည်ဆိုပါက ခရီးသွားလုပ်ငန်းများ အလျင်အမြန် နာလန်ထူလာနိုင်မည်ဖြစ်သည်ဟု ယုံကြည်မိသည်။
စက်တင်ဘာ ၂၇ရက်နေ့သည် ယခုနှစ်၏ ကမ္ဘာ့ခရီးသွားလုပ်ငန်း နေ့ (World Tourism Day-2021) ဖြစ်ပြီး “ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖြင့် ဖော်ဆောင်ပေး” (Tourism For Inclusive Growth) ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။ ခရီး သွားလုပ်ငန်းသည် ကျယ်ပြန့်သော လုပ်ငန်းဖြစ်ပြီး ကဏ္ဍပေါင်းစုံတို့ ဆက်စပ်ပါဝင်နေကာ လူအများအပြားဝင်ရောက်လုပ်ကိုင် အသက်မွေးနေကြရသည့် လုပ်ငန်းဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအတွက်လည်း ကြီးကြီးမားမား အထောက်အကူပြုနိုင်သည့် လုပ်ငန်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတို့က မိမိတို့နိုင်ငံ၏ အရင်းအမြစ် အခြေအနေများပေါ်တွင် မူတည်ကာ ဝင်ငွေရှာဖွေနေကြသည့် လုပ်ငန်းလည်းဖြစ်သည်။
ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးခြင်းသည် ၎င်းနှင့်ဆက်စပ်နေသည့် လုပ်ငန်းများကိုပါ လည်ပတ်လာစေမည်ဖြစ်ရာ ကိုဗစ်-၁၉ ကာလအလွန်တွင် ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းရမည်ဟု ယုံကြည် မိသည်။ ယင်းသို့ စတင်နိုင်ရန်မှာလည်း ဒေသများအလိုက် အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကပ်ရောဂါကူးစက်မှုကင်းစင် ရေးဟူသော လုံခြုံမှုနှစ်ရပ် မဖြစ်မနေ လိုအပ်မည်ဖြစ်ရာသက်ဆိုင်ရာ အားလုံးနှင့် ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ပါဝင်သူအားလုံးတို့ ပူးပေါင်းဆောင်ရွက်နိုင်ရေး တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။