နေပြည်တော် စက်တင်ဘာ ၂၄
(၁၁) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (11th ASEAN Senior Officials Meeting on Youth) နှင့် (၁၀) ကြိမ်မြောက် အာဆီယံ+၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (10th ASEAN Plus Three Senior Officials Meeting on Youth) တို့ကို စက်တင်ဘာ ၂၃ မှ ၂၄ အထိ မလေးရှားနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူ၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ (SOMY) အစည်းအဝေး၏ ပူးတွဲသဘာပတိအဖြစ် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် လက်ရှိ အာဆီယံ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၏ အိမ်ရှင်ဖြစ်သည့် မလေးရှားနိုင်ငံ၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်၊ H.E Ms. Ramona Mohd Razali နှင့် ပူးတွဲသဘာပတိအဖြစ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးတို့က ဆောင်ရွက်ကြပြီး အစည်းအဝေးတွင် (၁၀) ကြိမ်မြောက် အာဆီယံ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၁၆-၂၀၂၀) နှင့် အာဆီယံ လူငယ်ဆိုင်ရာ အညွှန်းကိန်းများ အစီအစဉ်(၂)၏ ဆောင်ရွက်ပြီးစီးမှုများကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် တာဝန် ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ အာဆီယံလူငယ်ဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများအလိုက် လက်ရှိဆောင်ရွက်ထားရှိမှုကို ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာနိုင်ငံများမှ အာဆီယံ လူငယ်ဆိုင်ရာ ရန်ပုံငွေ ထည့်သွင်းထားရှိမှုများနှင့် (၁၂) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများ အစည်း အဝေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ဆွေးနွေးခဲ့ကြပြီး (၁၀) ကြိမ်မြောက် အာဆီယံ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ အစီရင်ခံစာတို့ကို ပြင်ဆင်ခဲ့ကြ သည်။
(၁၀) ကြိမ်မြောက် အာဆီယံ+၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (10th ASEAN Plus Three Senior Officials Meeting on Youth) ကို စက်တင်ဘာ ၂၄ ရက်တွင် ဆက်လက်ကျင်းပရာ အာဆီယံနှင့် မိတ်ဖက် ၃ နိုင်ငံတို့၏ လူငယ်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး အာဆီယံ+၃ လူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၁၆-၂၀၂၀) အပေါ် ဆောင်ရွက်ပြီးစီးမှုများကို ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ အာဆီယံ+၃ လူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများနှင့် လူငယ်ဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)