Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (၂၀၂၁) အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးဆိုင်ရာ အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၄

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (၂၀၂၁) အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး အပြီးသတ် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် လုပ်ငန်း‌ကော်မတီများအလိုက် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံခရီးသွား လုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် စကားဝိုင်းဆွေးနွေးပွဲတွင် ပြောကြားမည့် ပုဂ္ဂိုလ်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် Online မှ ချိတ်ဆက်တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွား လုပ်ငန်းအား အထူးအလေးထားကြောင်း၊ သို့ဖြစ်ရာ ယခု ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ (၂၇) ရက်တွင် ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (၂၀၂၁) အထိမ်းအမှတ် အခမ်းအနားကို Virtual စနစ်ဖြင့် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းပါဝင်မှုဖြင့် နိုင်ငံတော်အဆင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (၂၀၂၁) အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်နှင့် လုပ်ငန်းကော်မတီများ အလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် လစ်ဟင်းမှုမရှိစေရေး စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါသည် မြန်မာနိုင်ငံသာမက ကမ္ဘာတွင် ဖြစ်ပွားနေသော် လည်း ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှလည်း ဖြစ်နိုင်ချေရှိသည့် နည်းလမ်းကောင်းများ ရှာဖွေဖော်ထုတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယင်းကိုဦးတည်၍ ယခုနှစ်အခမ်းအနားတွင် ဤဝန်ကြီးဌာနမှ အရာထမ်းများ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များပါဝင်သည့် ကြံ့ကြံ့ခံနိုင်သော ခရီးသွားလုပ်ငန်းကို ပြန်လည်ထူထောင်ခြင်း၊ ဆွေးနွေးပွဲတစ်ရပ် ကျင်းပရန်ပါရှိရာ ဆွေးနွေးပွဲ၏ ရည်မှန်းချက်ကို သိရှိစေရန် သတ်မှတ်ထားသော အချိန်အတွင်း ပြည့်စုံစွာဆွေးနွေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)