နေပြည်တော် စက်တင်ဘာ ၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကွေ့ကျိုး ပြည်နယ်တို့ပူးပေါင်း၍ တရုတ်-အာဆီယံ ပညာရေးပူးပေါင်း ဆောင်ရွက်မှုရက် သတ္တပတ် (2021) ဖွင့်ပွဲအခမ်းအနားကို ကွေ့ကျိုးပြည်နယ်၊ ကွေ့ရန်မြို့တွင် ယနေ့နံနက်ပိုင်း က ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ကွေ့ကျိုးပြည်နယ် အုပ်ချုပ်ရေးကော်မတီ ဒုတိယ အထွေထွေအတွင်းရေးမှူး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေး ဝန်ကြီးတို့က ဖွင့်ပွဲမိန့်ခွန်းပြောကြားကြသည်။
ယင်းနောက် အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် သံအမတ်ကြီးများ၊ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်တို့က Online မှ Video Message ဖြင့် ဂုဏ်ပြု မိန့်ခွန်းပြောကြားကြပြီး ကွေ့ကျိုးပြည်နယ် အုပ်ချုပ်ရေး ကော်မတီ အတွင်းရေးမှူးက ၂၀၂၁ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ်ကို ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေတို့က ၂၀၂၁ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် အခမ်းအနားအတွက် ဂုဏ်ပြုမိန့်ခွန်းကို Video Message ဖြင့် ပြောကြားကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
၂၀၂၁ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ်တွင် တရုတ်-အာဆီယံ ပညာရေးပူးပေါင်း ဆောင်ရွက်ရေး ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများအဖြစ် ဆေးပညာ၊ စိုက်ပျိုးရေး၊ စီးပွားရေးပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာနှင့် သက်မွေးပညာ၊ ဆန်းသစ်တီထွင်မှုနှင့် စက်မှုနည်းပညာဆိုင်ရာ ဆွေးနွေးပွဲများနှင့်အတူ အခြေခံပညာ ကျောင်းအုပ်ကြီးများ၏ စကားဝိုင်း ဆွေးနွေးပွဲများကို စက်တင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ Online ဖြင့် ကျင်းပလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)