Skip to main content

လူနေမှုပုံစံသစ်ဖြင့် သင်ကြားသင်ယူခြင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံဆောင် ရွက်ကြရန် လိုအပ်

နေပြည်တော် စက်တင်ဘာ ၂၁

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် တားဆီးရေး နည်းလမ်းများကို တိကျစွာလိုက်နာပြီး လိုက်လျော ညီထွေမှုရှိသည့် လူနေမှုပုံစံသစ် ဖြင့် သင်ကြားသင်ယူခြင်းနှင့် သုတေသနလုပ်ငန်းများဆောင်ရွက် နိုင်ရေး စီမံဆောင်ရွက်ကြရန် လိုအပ်ကြောင်း ယနေ့နံနက်ပိုင်း ကရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တွင် ကျင်းပလျက်ရှိသည့် ဘွဲ့လွန် နှင့် ပါရဂူဘွဲ့ သင်တန်းသား သင်တန်းသူများ၏ဒုတိယနှစ်ဝက် ရေးဖြေစာမေးပွဲ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက တာဝန်ရှိသူများအား ပြောကြားသည်။

ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်၌ ကျင်းပလျက်ရှိသည့် ဘွဲ့လွန်နှင့် ပါရဂူဘွဲ့ ဒုတိယ နှစ်ဝက် ရေးဖြေစာမေးပွဲတွင် သင်တန်းသူသင်တန်းသား ၁၀၀ ခန့် ဖြေဆိုလျက်ရှိပြီး ဆရာ ဆရာမများနှင့် စာမေးပွဲဖြေဆို လျက်ရှိသည့် သင်တန်းသူ သင်တန်းသားအတွက် ကြက်ဥနှင့် စားသောက်ဖွယ်ရာ များကို ဒုတိယဝန်ကြီးက ပေးအပ်ရာ သက်ဆိုင်ရာ ဆရာ ဆရာမများနှင့် သင်တန်းသူ သင်တန်း သားများက လက်ခံရယူခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီး သည် သုတေသနခန်းများ၊ ဓာတ်ခွဲ ခန်းများနှင့် တက္ကသိုလ်စာကြည့် တိုက်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး E-Library အသုံးပြု နိုင်ရေးနှင့် အရည်အသွေးမြင့် WiFi အခမဲ့အသုံးပြုနိုင်ရေး၊ လေ့လာသင်ယူနိုင်မှု အခွင့်အရေး ချဲ့ထွင်ပေးရေး လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

စိုက်ပျိုးရေး သုတေသန ဦးစီးဌာန နဝရတ်ခန်းမ၌ သုတေသန ပညာရှင်များနှင့် တွေ့ဆုံ၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်နိုင်မည့် တောင်ယာစပါး မျိုးကောင်းများ ဖော်ထုတ်ရေးနှင့် မျိုးသစ်များ ထုတ်လုပ်ပေးနိုင်ရေးဆိုင်ရာများ ကိုလည်းကောင်း၊ ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီမည့် ဈေးကွက်ဝင်သီးနှံအမယ်သစ်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် လိုအပ်သော သုတေသနလုပ်ငန်း များ အမြန်ဆုံး ဆောင်ရွက်ပေး ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

သတင်းစဉ်