နေပြည်တော် စက်တင်ဘာ ၂၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်ဆိပ်ကမ်းများနှင့် မူဆယ်၊ မြဝတီနှင့် ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းသုံးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီရှစ်ခုမှ ယာဉ်စီးရေ ၁၁ စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) ၃၃၉၀၊ Oxygen Plant ၂၁ ခု၊ အိမ်သုံး Oxygen Concentrator ၄၄၁ ခု၊ လက်အိတ် ၂၆ တန်နှင့် နှာခေါင်းစည်း (Mask) တန် ၄၀ တင်သွင်းခဲ့သည်။ Oxygen Plant ၂၁ ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ၁၉ ခုနှင့် မူဆယ်မှ မန္တလေးမြို့သို့တစ်ခု၊ ချင်းရွှေဟော်မှ ပုသိမ်ကြီးမြို့သို့ တစ်ခုဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြု ပေးလျက် ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် အသိပေးကြေညာ ချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီး ဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထား ကြောင်း သိရသည်။
သတင်းစဉ်