နေပြည်တော် စက်တင်ဘာ ၂၀
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် Virtual ပုံစံဖြင့် ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ တတိယလှိုင်းတွင် စေတနာ့ဝန်ထမ်း များက ကြံ့ကြံ့ခံရင်ဆိုင် ဖြေရှင်းနိုင်သော်လည်း ရောဂါမှာ စိတ်ချရသော အခြေအနေသို့ မရောက်နိုင်သေးကြောင်း၊ စေတနာ့ဝန်ထမ်း ဆောင်ရွက်ရာတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများလည်း ပူးပေါင်းပါဝင်နိုင်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများ ပါဝင်ကူညီမှုကြောင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် နိုင်ခြင်းအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ပြီးခဲ့သောနှစ်လတွင် လူဦးရေ စုစုပေါင်း နှစ်သန်းကျော်ကို ကာကွယ်ဆေးထိုးနိုင်ခဲ့၍ စာရင်းထည့်ခြင်း များဆောင်ရွက်နိုင်ခဲ့ပါကြောင်း ဆွေးနွေးပြောကြား သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က စေတနာ့ဝန်ထမ်းများ တတိယလှိုင်းအတွင်း အားထုတ်ကြိုးစားမှုကြောင့် အသက်စွန့်သွားရသူများ၊ ရောဂါကူးစက်ခံရမှုများရှိခဲ့သည့် အတွက် လေးစားဂုဏ်ယူပါကြောင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး ပြည်နယ်များမှ လူမှုဝန်ထမ်း ဦးစီးမှူးများ၊ စေတနာ့ဝန်ထမ်းများ/ပရဟိတ အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များက မိမိတို့လုပ်ဆောင်နေသော နယ်ပယ်ကဏ္ဍအသီးသီးတွင် လုပ်ဆောင်နေမှုများ၊ အားသာချက် အားနည်းချက်များနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ။
သတင်းစဉ်