ရန်ကုန် စက်တင်ဘာ ၂၀
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ e-Government ဦးစီးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့တော်ခန်းမ အစည်းအဝေးခန်းမ (၄)၌ ကျင်းပသည်။
အစည်းအဝေးသို့ ဦးစီးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်နှင့် ဦးစီးကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များ၊ ကျွမ်းကျင် သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့တော်ဝန်က ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများလွယ်ကူ မြန်ဆန်စေရေး e-Government စနစ် အောင်မြင်အောင် အကောင်အထည် ဖော်ရန် မှာကြားသည်။
ဆက်လက်၍ ဦးစီးကော်မတီ အတွင်းရေးမှူး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီရုံး အဖွဲ့မှူးနှင့် ရန်ကုန်မြို့တော်ဘဏ်လီမိတက် အမှုဆောင်အရာရှိချုပ်တို့က လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က e-Government ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး Sustainable Development ဖြစ်စေရန်အတွက် နည်းပညာသစ်များကို တိုးတက်လာမှုနှင့်အတူ ပြောင်းလဲတိုးတက် ဆောင်ရွက်သွားရန်၊ အချက်အလက်များအား အမြဲတမ်း Update ပြုလုပ်နေရန်၊ ပြည်သူများအတွက် ဝန်ဆောင်မှုပေးရာတွင် ယခုထက် ပိုမိုကောင်းမွန်စေရေး အားလုံးပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)