Skip to main content

နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် တောင်သူဦးရေ ၅၃၀၀ ကျော်အတွက် မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေ ကျပ်သန်း ၃၁၀၀ ကျော် ထုတ်ချေးပေးထား

 

နေပြည်တော် စက်တင်ဘာ ၂ဝ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လယ်ဝေးခရိုင် ဘဏ်ခွဲမှ တောင်သူ ဦးကြီးများသို့ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေး ပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြား ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေး လျက်ရှိသည်။

နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူ လယ်သမားများ၏ စိုက်ပျိုးစရိတ်ထုတ်လုပ်မှု အထောက်အကူဖြစ်စေရေးအတွက် ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မိုးစပါး တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် အတိုးနှုန်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိသည်။ ထိုသို့ ထုတ်ချေးရာတွင် ယနေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ဝက္ကမူကျေးရွာအုပ်စုနှင့် ရုံးပင်ကျေးရွာ အုပ်စုတို့မှ တောင်သူ (၈၄) ဦး တို့၏ လယ်ဧက ၄၀၉ ဧကအတွက် ငွေကျပ်  ၆၁ ဒသမ ၃၅ သန်း ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

လယ်ဝေးခရိုင်ဘဏ်ခွဲအနေဖြင့် ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ် ၂၀၂၀ ပြည့်နှစ် မိုးချေးငွေ ပြေကျေစွာပေးဆပ်ပြီးသူ တောင်သူဦးကြီးများသို့ ဦးစွာထုတ်ချေးပေး လျက်ရှိပြီး ကျေးရွာအုပ်စု ၃၈ အုပ်စု၊ တောင်သူ ၂၃၄၆ ဦး၊ စပါးစိုက်ဧက ၉၀၅၆ ဧကအတွက် ချေးငွေ ကျပ် ၁၃၅၈ ဒသမ ၄ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊ လယ်ဝေးခရိုင်ဘဏ်ခွဲမန်နေဂျာ၊ ဒေါ်ထွေးထွေးသိန်း ထံမှ သိရသည်။

လက်ရှိတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်နှင့်မြို့နယ် ဘဏ်ခွဲ လေးဘဏ်မှ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာ အုပ်စု ၁၁၀ ၊ တောင်သူ ၅၃၈၂ ဦး၊ စပါးစိုက်ဧက ၁၉၀၆၃ ဧကနှင့်အခြားသီးနှံ ၂၄၈၁ ဧက အတွက် စုစုပေါင်းစိုက်ဧက ၂၁၅၄၄ ဧကအတွက် ချေးငွေကျပ် ၃၁၀၇ ဒသမ ၅၅ သန်း ထုတ်ချေးထား ပြီးဖြစ်ကြောင်း နေပြည်တော်တိုင်းဘဏ်ခွဲမန်နေဂျာ ဦးသက်ဦး ထံမှ သိရှိရသည်။

အေးသန့် (သတင်းစဉ်)