မန္တလေး စက်တင်ဘာ ၁၉
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ထမ်းများနှင့် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း မန္တလေးကိုယ်ပွားသတင်းစာတိုက်မှ စာတည်းမှူး၊ အထက်မြန်မာပြည်ပုံနှိပ်စက်ရုံ (မန္တလေး)မှ စက်ရုံမှူး၊ မန္တလေးသတင်းဗျူရိုအဖွဲ့မှ တာဝန်ခံ၊ စစ်ကိုင်း ထပ်ဆင့်လွှင့်စက်ရုံမှ ဇုန်နယ်မှူး၊ စစ်ကိုင်း တိုင်းဒေသကြီး စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးများနှင့် မြင်းမူမြို့နယ် မြောင်မြို့နယ်ဦးစီးမှူးများ၊ မန္တလေး ခရိုင် ဦးစီးအရာရှိနှင့် ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူး များ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက လက်ရှိနိုင်ငံတော်၏ ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်း ဆွေးနွေးပြီး ဝန်ထမ်းများ သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်၊ အခြေအနေ နှင့် ကိုက်ညီသည့် ပြုပြင်ပြောင်းလဲမှုများဖြင့် ပြန်ကြားရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားကြရန်၊ မကြာမီ ကိုဗစ်-၁၉ ရောဂါအခြေအနေ ကူးစက်မှုလျော့နည်းပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးမှာလည်း တိုးတက်ကောင်းမွန်လာပြီဖြစ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ကို မြှင့်တင်ကာ ပုံမှန်အနေအထားရောက်အောင် တိုးမြှင့် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ထားကြ ရန်ဖြစ်ကြောင်း။
ယနေ့နိုင်ငံတွင် လူငယ်အချို့မှာ အဖျက် သမားများ၏ စည်းရုံးမှိုင်းတိုက်မှုကြောင့် အသိပညာ ဉာဏ်နှင့် စဉ်းစားတွေးခေါ်မှု နည်းစွာဖြင့် အဖျက် လုပ်ငန်းများကို လုပ်ဆောင်နေကြသည်ကို တွေ့ရကြောင်း၊ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ် ပင်ဖြစ်ကြောင်း၊ ဗလငါးတန် ပြည့်ဝသော လူငယ်များဖြင့်သာ နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ အသိဉာဏ်ပညာ ပြည့်ဝသော လူငယ်များ ပေါ်ထွန်းလာစေရန် အရေးကြီးကြောင်း၊ လူငယ်များအား အသိပညာပေးရေး ကဏ္ဍများကို တိုးမြှင့်ဆောင်ရွက် သွားကြရန်လိုကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန် နိုင်ငံတော် ဝန်ကြီးချုပ်က ဖွဲ့စည်းပုံတိုးချဲ့ပြင်ဆင်ခွင့်ပြုပြီးဖြစ် ကြောင်း၊ တိုးချဲ့ခွင့်ပြုပေးသည့် ဖွဲ့စည်းပုံအတိုင်း ဝန်ထမ်းများကို အဆင့်တိုးမြှင့်ရေး အမြန်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း တိုးမြှင့်ပေးသည့် အဆင့်နှင့်အညီ တာဝန်ဝတ္တရားများကို တိုးမြှင့်ပြီး တာဝန်ကျေကျေဆောင်ရွက်သွားရန်ကြရန်လိုကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ခရိုင်နှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပြင်ဦးလွင် ထပ်ဆင့် လွှင့်စက်ရုံ ဝန်ထမ်းများအား တွေ့ဆုံပြီး ထပ်ဆင့်လွှင့်စက်ရုံကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)