နေပြည်တော် စက်တင်ဘာ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖ များအား ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ် ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိမ်းဇံ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင် များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အား တိုင်း ရင်းသားရိုးရာဝတ်စုံကို ဂုဏ်ပြုဝတ်ဆင်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း ဒေသဖွံဖြိုးတိုးတက်ရေး ဆောင်ရွက် ထားရှိမှု အခြေအနေများ၊ COVID -19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့်ကာကွယ် ဆေးထိုးနှံဆောင်ရွက် ထားရှိမှု အခြေအနေများ၊ အထွေထွေ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး မြစ်ကြီးနား ခရိုင်အုပ်ချုပ် ရေးမှူးက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့မိ၊ မြို့ဖများ က ဒေသအလိုက် ဖွံ့ဖြိုးတိုး တက်ရေးအတွက် အထွေထွေ လိုအပ်ချက်များကို တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အနေဖြင့် ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖ များကို ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက်နေရသည့် ကာလအတွင်း နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး အဘက်ဘက်မှ လစ်ဟင်းမှု မရှိစေရန် လုပ်ဆောင် နေခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဖြစ်ပေါ်လာသည့် အခြေအနေများနှင့် တာဝန်လွှဲအပ်ချက်အရ နိုင်ငံတော်၏ တာဝန် များကို ထိန်းသိမ်း ဆောင်ရွက်နေရသည့် အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦး တည်ချက် ၉ ရပ်ကို ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့အနေဖြင့်နိုင်ငံတော်တည်ဆောက်ရာတွင် အချက် ၂ ချက်ကို အဓိက ထား၍ အလေး ထားဆောင်ရွက်လျက်ရှိပြီး ပထမ အနေဖြင့် ပြည်သူများ၏ဆန္ဒနှင့် အညီ ပါတီစုံဒီမို ကရေစီစနစ် ခိုင်ခိုင်မာမာ တည်ဆောက်ရေးကို နိုင်ငံရေး ရည်မှန်း ချက် ထားရှိလုပ်ဆောင် လျက်ရှိကြောင်း၊ ဒုတိယအချက်အနေဖြင့် ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရပင်ဖြစ်စေ တိုင်းပြည်ကို တိုးတက်အောင် တတ်စွမ်းသရွေ့ ကြိုးပမ်း ဆောင်ရွက်ကြသည်ပင်ဖြစ်သည့်အတွက် မိမိတို့အစိုးရ အနေဖြင့် လည်း သာယာဝပြောရေးနှင့် စားနပ်ရိက္ခာပေါများရေးကို ဦးစားပေးလုပ် ဆောင်ပေးလျက်ရှိ ကြောင်း၊မိမိတို့နိုင်ငံသည် မြေ၊ ရေ သယံဇာတများအပြင် လူသားအရင်းအမြစ် ပြည့်စုံသည့် နိုင်ငံတစ်ခုဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေး လုပ်ငန်းကို အဓိကထား လုပ်ဆောင်လျက်ရှိကြောင်း၊ ကမ္ဘာပေါ်တွင် လူဦးရေ သန်း ၇၀၀၀ ကျော်ခန့်ရှိပြီး စားရေရိက္ခာ လိုအပ်ချက် အမြဲတမ်းရှိနေ ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်၍ ပြင်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်သည် ဆန်၊ ပဲ ဖူလုံမှုရှိသည်ဖြစ်သော်လည်း ဆီဖူလုံမှုလိုအပ်လျက်ရှိ သဖြင့် ဆီထွက်သီးနှံများကို အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စားရေရိက္ခာ ပေါများမှုရှိစေရေး ထည့်သွင်း စဉ်းစားလုပ် ဆောင်ကြရမည်ဖြစ်ကြောင်း။
တင်ပြချက်များတွင် စက်မှုဇုန်လုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်း၊ ခရီးသွား လုပ်ငန်းများကို ခွင့်ပြုပေးရန်နှင့် အဆင့်မြှင့်တင်ပေး ရန်တို့ပါရှိသည်ကို တွေ့ရှိရပြီး သယံဇာတကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ရေရှည်တည်တံ့နိုင်သည့် လုပ်ငန်းများမဟုတ်ဘဲ ရေတို အတွက်သာ အဆင်ပြေနိုင်မည်ဖြစ်သဖြင့် မြေပေါ်မြေအောက်သယံဇာတများကို ထုတ်ယူ ခြင်း လုပ်ငန်းများကို အားမပေးလိုကြောင်း၊ မိမိတို့နိုင်ငံသည် သယံဇာတများကို ထုတ်ယူပြီး အကြမ်းထည်များကို တင်ပို့သောကြောင့် ဈေးနှုန်းရသင့်သည်ထက် နည်းပါးစွာ ရရှိသဖြင့် အချောထည်များကို ထုတ်လုပ်တင်ပို့နိုင်ရေးကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ အချို့သော သယံဇာတများသည် ပြည့်ဖြိုးမြဲသယံဇာတမဟုတ်သည့်အတွက် ကုန်ခမ်းသွားနိုင် ကြောင်း၊ ပြည်ဖြိုး မြဲသယံဇာတ များကိုမူ ပြန်လည် ဖြည့်တင်းရေးနှင့် ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း။
သယံဇာတကို အားကိုးပါက ရေရှည်တွင် အခက်အခဲများဖြစ်ပေါ်နိုင်သည့်အတွက် တိုင်းပြည် အတွက်အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှုများကို လုပ်ဆောင် ကြစေလိုကြောင်း၊ စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များကို အရည်အသွေးပြည့်ဝပြီး အဆင့်အတန်းပြည့်မီသည့် ထုတ်ကုန် များဖြစ်အောင် လုပ်ဆောင်ကာ ပြည်တွင်းရှိ အခြားဒေသများနှင့် ပြည်ပဈေးကွက် များသို့ တင်ပို့ရောင်းချနိုင်ရေး လုပ်ဆောင်ရ မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးမှရရှိလာသည့် ထွက်ကုန်များကို အကြမ်းထည် တင်ပို့သည့် တစ်ဆင့်ခံ ကုန်ထုတ်လုပ်ငန်းဖြစ်နေ၍မရဘဲ ဈေးကွက်ဝင်ကုန်ချော ထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်း၊ လိုအပ်သည့် အခြေခံကုန်ကြမ်းပစ္စည်း များကို မိမိတို့ဒေသတွင်း၌ ထုတ်လုပ်နိုင်မည်ဆိုပါက ပြင်ပမှဝယ်ယူနေရမှုများကို လျှော့ချ နိုင်မည်ဖြစ်ပြီး ဈေးနှုန်းသက်သာစွာဖြင့်အသုံးပြုနိုင်မည်ဖြစ်ကာ ဒေသ၏ စီးပွားရေး သည် လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိဒေသ၏ အခြေအနေဖန်တီး နိုင်မှုသည် ဒေသတွင်း၌ပင် ရှိနေရမည်ဖြစ်ကြောင်း။
ထိုကဲ့သို့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အောင်မြင်စွာ ထုတ်လုပ်နိုင်ရေး၊ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည့် စုံသည့် လူသားအရင်း အမြစ်များလိုအပ်မည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်သည့် ရှေ့ပြေးသန်းခေါင်စာရင်း အရ မိမိတို့နိုင်ငံတွင် အထက်တန်းပညာ မသင်ကြားဖူးသူနှင့် စာလုံးဝမတတ်မြောက် သူဦးရေသည် မြင့်မားလျက်ရှိသည်ကို တွေ့ရှိရပြီး ပြည်နယ်များတွင် ပညာရေးနှင့် ပတ်သက်ပါက ပိုမိုအားနည်းလျက်ရှိ သည်ကို တွေ့ရှိရသဖြင့် ပညာရေးကိုအလေးပေး ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း၊ ပညာရေးလေ့လာဆန်းစစ်မှု စာရင်းပြုစုမှု မှတ်တမ်းများအရ ကချင်ပြည်နယ်တွင် ၂၀၀၉ ခုနှစ်၌ KG တန်းတက်ရောက်သူ ဦးရေ ၃၉၀၀၀ ကျော်ရှိပြီး အဆိုပါ ကျောင်းသား ကျောင်းသူများသည် တန်းစဉ်ကူးပြောင်းမှုအဆင့်ဆင့်တွင် အကြောင်းအမျိုးမျိုးဖြင့် ပြုန်းတီးခဲ့ရာ တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိခဲ့သူ ဦးရေ ၂၀၀၀၀ ခန့်သာရှိခဲ့ကြောင်း၊ အဆိုပါ ကျောင်းသား ၂၀၀၀၀ တွင် တက္ကသိုလ် ဝင်တန်းအောင်မြင်သူ ၅၅၀၀ ကျော်သာရှိခဲ့သဖြင့် မိမိတို့နိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုး တက်မှုကို မဖြစ်မနေ မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်နေသည်ကို တွေ့ရှိရ ကြောင်း၊ ဒေသတိုးတက်ရေး လုပ်ဆောင်ရာတွင် ရေတို၊ ရေရှည် လုပ်ငန်းများကို စဉ်းစားလုပ်ဆောင်ရမည်ဖြစ်ပြီး ရေရှည်အတွက် ပညာရေးဖွံ့ဖြိုးတိုးတက်မှုရှိအောင် လုပ် ဆောင်ပေးရမည်၊ အားပေးရမည်ဖြစ် ကြောင်း၊ ဒေသတွင်းရှိ ပညာရေး၊ ကျန်းမာရေး မှ အစ လိုအပ်လျက်ရှိသည့် ပညာတတ်လူသား အရင်းအမြစ်များထွက်ပေါ်လာအောင် အနာဂတ်အတွက် ကြိုတင်မျှော်တွေး၍ လုပ်ဆောင်ပေး ရန်လိုကြောင်း၊ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရပြီးနောက်ပိုင်း ပြန်လည်ဖွင့်လှစ် သင်ကြားစေခဲ့ ကြောင်း၊ သို့သော်လည်း ကိုဗစ် -၁၉ ရောဂါ တတိယလှိုင်းဖြစ်ပေါ်ခဲ့သဖြင့် ကျောင်းများယာယီပိတ်ထားခဲ့ရပြီး ကောင်းမွန်စွာ ထိန်းချုပ်နိုင်သည့် အချိန်တွင် ပြန်လည် ဖွင့်လှစ်သင်ကြားပေးနိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ စီးပွားရေးဆိုင်ရာပညာ တတ်များပေါ်ထွက်ရန်နှင့် ဒီမိုကရေစီခေတ်တွင် ဥပဒေကို သိရှိရန်လိုအပ်သဖြင့် တက္ကသိုလ် များတွင် စီးပွားရေးပညာနှင့် ဥပဒေပညာများ ကို သင်ကြားပေးရန် ညွှန်ကြားထားရှိကြောင်း။
စက်မှုကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများလုပ်ဆောင်ရာတွင် လျှပ်စစ်စွမ်း အင်ရရှိရေးသည် အဓိကလိုအပ်ချက်တစ်ခု ဖြစ်သဖြင့် ဒေသတွင်း လျှပ်စစ်စွမ်းအား ဖူလုံမှုရှိစေရေး ကြိုးပမ်း လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ဒေသတွင်းရှိပေါကြွယ်ဝသည့် ဝါးအရင်းအမြစ်များ အသုံးချ၍ ချည်ထည်လုပ်ငန်း၊ စက္ကူလုပ်ငန်းတို့ကိုလည်း လုပ်ဆောင်နိုင်ရေး စဉ်းစားရန် လိုကြောင်း၊ မြို့ပြတည်ဆောက်ရေးနှင့် ပတ်သက်၍ ရေစီးရေလာကောင်းမွန်ရေး၊ လေကောင်း လေသန့် ရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ပညာရည်သင်ကြားမှုစနစ်မြင့်မားရေး၊ ကျန်းမာရေးဆိုင်ရာနှင့် သယ်ယူပို့ဆောင်မှုစနစ် Public Transportation များ ကောင်းမွန်မှုရှိရန် ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ဝယ်ရောင်းလုပ်ငန်းများအလွန်များပြားလျက်ရှိသည်ကို တွေ့ရှိရပြီး ကုန်ထုတ် လုပ်မှုအားနည်းသည့် ပုံစံမျိုးဖြစ်နေ သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုကို အခြေခံသည့် စီးပွားရေးလုပ်ငန်းဖြစ်အောင် တွန်းအား ပေးဆောင် ရွက်ရမည်ဖြစ်ပြီး ကချင်ပြည်နယ်သည် နယ်စပ်နယ်နိမိတ် ထိစပ်နေသည့် ဒေသတစ်ခုဖြစ်သည့်အတွက် နာရီပိုင်း အတွင်း စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်များကို ဈေးကွက်သို့တင်ပို့ရောင်းချနိုင်မည် ဖြစ်ကြောင်း၊ ဒေသထုတ်ကုန်များကို အဆင့်မြှင့်တင်ပြီး တင်ပို့ရောင်းချနိုင်ရန်လိုကြောင်းနှင့် ဈေးကွက်ရှိပြီး သား ဖြစ်သဖြင့် အောင်မြင်အောင်လုပ်ဆောင်ကြစေလိုကြောင်း။
ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ မီးခိုးမထွက်သည့် စီးပွားရေးလုပ်ငန်းဖြစ်ပြီး အိမ်သာမှဧည့် လာမည်ဖြစ်သည့်အတွက် နေထိုင်ရေး၊ သွားလာရေး၊ စားသောက် ရေး၊ လုံခြုံရေး တို့အပြင် အဘက်ဘက်မှ ပြည့်စုံနေရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသကဲ့သို့ အားကစား ကဏ္ဍမြင့်မားရေးအတွက်လည်းလုပ်ဆောင်ရန် လိုကြောင်း၊ အားကစားဆောင်ရွက်ခြင်းသည် သာမာန်ကြည့်မည်ဆိုပါက လူတစ်ဦး တစ်ယောက်၊ လူတစ်စု၏ အားကစားဖြစ်သော်လည်း အားကစားဖွံ့ဖြိုးသည့် တိုင်းပြည်တစ်ခု၏ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတို့ကို များစွာ ဖွံ့ဖြိုးတိုးတက်စေနိုင်သဖြင့် အားကစားကို အားပေးရန်လိုကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အားကစားကွင်းများကို အဆင့်မြှင့် တင်ပေးလျက်ရှိသဖြင့် အားကစားပြုလုပ်သူ၊ လေ့ကျင့်သူများအပြင် စနစ်တကျအားပေးသည့် ပရိသတ် များရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ အစားအစာ ကိုပြည့်ဝစွာစားသုံးပါက ကိုယ်ခံအား ကောင်းမည်ဖြစ်ပြီး ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်ပါက ကျန်းမာကြံ့ခိုင်မှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စားနပ်ရိက္ခာ ပေါများရေးနှင့် သာယာဝပြောရေးကို ဦးစားပေး လုပ်ဆောင်နေခြင်း ပင်ဖြစ်ကြောင်းနှင့် ဒေသနှင့်တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်သွား ကြရန်လိုအပ်မည်ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားခဲ့ပြီး နိုင်ငံတော်၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို ဆက်လက်ပြောကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် တက်ရောက်လာကြ သည့် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် မြစ်ကြီးနားမြို့ရှိ ခရိုင် အားကစားကွင်းနှင့် ပြည်နယ်အားကစားကွင်းတို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း အဆင့်မြှင့်တင် ရေးနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်