Skip to main content

အိုဇုန်းလွှာပျက်စီးမှုမရှိစေဘဲ ရာသီဥတုပြောင်းလဲမှုကို မထိခိုက်စေသော အစားထိုးဓာတ်ငွေ့များ၊ စွမ်းအင်ချွေတာနိုင်သော နည်းပညာများကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် အိုဇုန်းလွှာ ပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် စားနပ်ရိက္ခာဆုံးရှုံးမှုကို တိုက်ဖျက်နိုင်မည်

 

နေပြည်တော် စက်တင်ဘာ ၁၆

 

ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၌ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ အိုဇုန်းယူနစ်အဖွဲ့ဝင် ကိုယ်စားလှယ်များ၊ လေအေးပေးစက်နှင့် ပတ်သက်သော စက်မှု နည်းပညာရှင် အသင်းများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ခံကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

 

ရပ်ဆိုင်းနိုင်ခဲ့

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက မြန်မာနိုင်ငံ အနေဖြင့် ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်၊ ဘေဂျင်း၊ လန်ဒန်နှင့် ကိုပင်ဟေဂင်ပြင်ဆင်ချက် များတွင် အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အိုဇုန်းလွှာအဓိက ပျက်စီးစေသည့် ဟိုက်ဒရိုဘရိုမိုဖလူရိုကာဗွန် (HBFCS)၊ ဘရိုမိုကလိုရို မီသိန်း (CH2BrCI)၊ ကလိုရိုဖလူရိုကာဗွန် (CFCs)၊ ဟေလွန်၊ ကာဗွန် တက်ထရာကလိုရိုဒ် (CCI4) နှင့် မီသိုင်းဘရိုမိုဒ် (CH3Br) တင်သွင်းမှု တို့ကို အပြီးသတ် ရပ်ဆိုင်းနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် HCFC ဒြပ်ပစ္စည်းတင်သွင်းမှုကို ၂၀၃၀ တွင် အပြီးသတ်ရပ်ဆိုင်းရန် ဆောင်ရွက် လျက်ရှိပြီး HFC လျှော့ချရေးဆိုင်ရာ ကီဂါလီပြင်ဆင်ချက်အပေါ် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ အအေးပေးစက်မှု ကဏ္ဍတွင် ဟိုက်ဒရိုဖလူရိုကာဗွန် အမျိုးအစားများဖြစ်သော ဟိုက်ဒရို ဖလူရိုကာဗွန် (HFC) ဒြပ်ပစ္စည်းကို လျှော့ချနိုင်ခြင်းဖြင့် အိုဇုန်းလွှာကို ထိန်းသိမ်းကာကွယ်နိုင်သကဲ့သို့ ကမ္ဘာ့အပူချိန်မြင့်တက်မှုပမာဏ အနက်မှသုည ဒသမ ၄ဒီဂရီစင်တီဂရိတ်ကို ရှောင်ရှားနိုင်မည်ဟု လေ့လာ တွေ့ရှိရကြောင်း၊ နှစ်စဉ် ကမ္ဘာ့မှန်လုံအိမ်ဓာတ်ငွေ့ပမာဏ စုစုပေါင်း၏ ရှစ်ရာခိုင်နှုန်းခန့် ထွက်ရှိနေသည်ကို လေ့လာတွေ့ရှိရကြောင်း။

 

ရေရှည်ထိန်းသိမ်းနိုင်မည်

 

အိုဇုန်းလွှာပျက်စီးမှုမရှိစေဘဲ ရာသီဥတု ပြောင်းလဲမှုကို မထိခိုက် စေသော အစားထိုးဓာတ်ငွေ့များ၊ စွမ်းအင်ချွေတာနိုင်သော နည်းပညာများကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် အိုဇုန်းလွှာ ပျက်စီးမှု၊ ရာသီဥတု ပြောင်းလဲမှုနှင့် စားနပ်ရိက္ခာဆုံးရှုံးမှုကို တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း၊ စားနပ်ရိက္ခာများနှင့် ဆေးဝါးဖြန့်ဖြူးသူများကဲ့သို့ ကုန်ထုတ်လုပ်သူများကို ဆန်းသစ်တီထွင်ထားသော အအေးပေးပစ္စည်းများဖြင့် ကြိုတင် အအေးခံခြင်း၊ သိုလှောင်ခြင်းနှင့်သယ်ယူပို့ဆောင်ခြင်းများကို ထောက်ပံ့ပေးနိုင်ခြင်းဖြင့် စားနပ်ရိက္ခာနှင့် ကာကွယ်ဆေးကဲ့သို့သော ထုတ်ကုန်များကို လုံခြုံကောင်းမွန်စွာ ရေရှည်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို အိုဇုန်းလွှာထိခိုက် ပျက်စီးမှုမရှိစေဘဲ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အထောက်အကူပြုသည့် စွမ်းအင်ချွေတာ အအေးပေး နည်းစနစ်များဖြင့် ကျွန်ုပ်တို့ သက်ရှိ လူသားများ လိုအပ်သော အစားအစာများနှင့် ဆေးဝါးများကို တာရှည် သိမ်းဆည်းသုံးစွဲနိုင်ရေး ဆက်လက်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် “Montreal Protocol - Keeping us, our food and vaccines cool”၊ “မွန်ထရီရယ် သဘောတူစာချုပ် ရည်မှန်းချက်အောင်မြင်ဖို့ - စွမ်းအင်ချွေတာ အအေးပေးစနစ်ဖြင့် ကျွန်ုပ်တို့ အစားအစာနှင့် ဆေးဝါး များကို ထိန်းသိမ်းကြစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ အိုဇုန်းလွှာပျက်စီးမှုမရှိစေသော၊ ရာသီဥတုပြောင်းလဲမှုအပေါ် ဆိုးကျိုးသက်ရောက်မှု နည်းသော အအေးပေးပစ္စည်းများနှင့် စွမ်းအင်ချွေတာ နည်းပညာများကို ပြောင်းလဲရွေးချယ် အသုံးပြုရေး ပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးစာအုပ်များ၊ အိုဇုန်းလွှာပျက်စီးစေသော ဓာတ်ငွေ့များစစ်ဆေးသည့် ကိရိယာ နှင့် ပညာပေးပိုစတာများကို လှည့်လည်ကြည့်ရှုပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

သတင်းစဉ်