Skip to main content

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)အား ပြန်လည်စိစစ်ရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၁၆

အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) အား ပြန်လည်စိစစ်ရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ‌ခေတ္တ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမင်းထွန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှိုင်ဝင်းမောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ဥပဒေ စတင်ပြဋ္ဌာန်းခဲ့မှုအခြေအနေ၊ ခေတ်ကာလနှင့်အညီ ဥပဒေကို ထပ်မံပြင်ဆင် ခဲ့သည့် အခြေအနေများနှင့် ယခုအပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး သက်ဆိုင်ရာကော်မတီသို့ တင်ပြခဲ့ရာ ဥပဒေ(မူကြမ်း)ကို ပြန်လည်ထည့်သွင်း သုံးသပ်ဆောင်ရွက်သွားရန် အစည်းအဝေးဆုံးဖြတ်ခဲ့ ပါကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်အရ ဥပဒေ(မူကြမ်း)အား ပြန်လည်စိစစ် သုံးသပ်ရမည့် အချက်များ၊ ပြင်ဆင်ဖြည့်စွက်ရမည့် အချက်များရှိသဖြင့်  ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ခေါ်ယူရခြင်း ဖြစ်ပါကြောင်း၊ ပိုမိုကောင်းမွန်သည့် ဥပဒေ(မူကြမ်း) တစ်ရပ်ဖြစ်ပေါ်လာရေး လိုအပ်သည်များကို ဘက်ပေါင်းစုံမှသုံးသပ်၍ ဆွေးနွေးအကြံပြု ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ‌ခေတ္တဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမင်းထွန်းက ဥပဒေကို ပြင်ဆင်ဖြည့်စွက်ခဲ့သည့် အချက်များကို အသေးစိတ် ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဥပဒေ(မူကြမ်း) အပေါ် အကြံပြုသုံးသပ်ဆွေးနွေးတင်ပြကြကာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည် များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်