နေပြည်တော် စက်တင်ဘာ ၁၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင် သွားကားလမ်းပေါ်ရှိ မရမ်းချောင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် စစ်တောင်းတံတားဘက်မှ ကျိုက်ထိုဘက်သို့ မြင့်ကို(၅၄)နှစ် မောင်းနှင်၍ ဒေါ်မီမီအေး(ခ)မီမီအေးကျော်(၆၂)နှစ် လိုက်ပါလာသည့် Alphard မော်တော်ယာဉ်က ဦးဆောင်ပြီး စိုးသူရ(၃၆)နှစ်မောင်းနှင်၍ မင်းထင်(၅၂)နှစ်နှင့် စောမြင့် (၅၉)နှစ် တို့လိုက်ပါလာသည့် Tipper အဖြူရောင် ၆ ဘီး ယာဉ်တို့ကို စစ်ဆေးရှာဖွေရာ Tipper မော်တော်ယာဉ်၏ နောက်ခန်းတွင် စားသောက်သီးနှံများ ဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ် ၅၂ အိတ်အတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ် ၄၁ ဒသမ ၁၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၁,၀၀၀ ၊ ကက်တမင်း ၄၇ ကီလိုနှင့် Alphard မော်တော်ယာဉ်အတွင်းမှ ငွေကျပ် ၅၁၇ ဒသမ ၂၈ သိန်းတို့ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ် ဆေးဝါးများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သူ ကျော်ဇောဝင်း(ခ) သားသားကို စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မြန်မာပလာဇာ တွင် ထပ်မံဖမ်းဆီးရမိခဲ့ သည်။
စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆီးရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်မှ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းမှ တစ်ဆင့် မလေးရှားရေပိုင်နက်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၆ ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
(သတင်းစဉ်)