နေပြည်တော်၊ စက်တင်ဘာ ၁၅
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိသည်။
သွားရောက်ကြည့်ရှု
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၄ ရက်နှင့် ယနေ့တို့တွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ နယ်မြေခံတပ်ရှိ တစ်သျှူးငှက်ပျောနှင့် ရာသီသီးနှံစိုက်ခင်းများ စိုက်ပျိုးထားရှိမှု၊ ဥစားကြက်နှင့် အသားတိုးကြက်မွေးမြူ ရေးခြံ၊ DYL ဝက်မွေးမြူရေးခြံနှင့် နို့စားနွားမွေးမြူရေးခြံတို့ကိုလည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ထားဝယ်တပ်နယ် မွေးမြူရေးဇုံတွင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်မြို့ရှိ နယ်မြေခံတပ်ရင်းတွင် မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ဇီးတောကျေးရွာအနီးရှိ မာန်အောင် ရတနာကုမ္ပဏီ၏ အဆင့်မြင့်စားသောက်ကုန် အုန်းဆီသန့်စက်ရုံ၊ မာန်အောင်မြို့နယ်၊ တောထူကျေးရွာရှိ တောင်သူ ၆၉ ဦး၏ လယ်ဧက ၃၀၂ ဧက၌ ဆင်းသွယ်လတ် မိုးစပါး စံပြစိုက်ကွင်း စိုက်ပျိုးထားရှိမှုနှင့် မြေပုံမြို့၊ ကန်သာထွက်ဝ ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ ဆားငံခံဆင်းသွယ်လတ် မျိုးစေ့ထုတ် ၁၅ ဧက မိုးစပါးစိုက်ခင်းတို့ကိုလည်းကောင်း အသီးသီးသွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်