Skip to main content

ပြည်ပနိုင်ငံမှာ မြန်မာနိုင်ငံသား ၃၃ ဦး နယ်စပ်ဂိတ်အသီးသီးမှ ပြန်လည်ဝင်ရောက်

နေပြည်တော်၊ စက်တင်ဘာ  ၁၅

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၄ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၂ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသားခုနှစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ စုစုပေါင်း ၉ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီးနှစ်ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။

ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များကကိုဗစ် - ၁၉ ရောဂါစစ်ဆေးပေး ခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်း တို့ကိုစနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင် မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင် ပေးခဲ့ကြောင်းနှင့် ရောဂါပိုး တွေ့ရှိသူများအား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကိုအဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေး လျက်ရှိကြောင်းသတင်းရရှိသည်။

သတင်းစဉ်