နေပြည်တော်၊ စက်တင်ဘာ ၁၅
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိ
ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၅၃ ဦးနှင့် အမျိုးသမီး ၄၁ ဦး၊ စုစုပေါင်း ၉၄ ဦးအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၃၅ ဦးအားလည်းကောင်း အသီးသီးလက်ခံထားရှိကြောင်း သိရှိရသည်။
အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်