Skip to main content

(၇)ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၃

အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ဝန်ကြီးအဆင့် (၇)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် Video Conference ဖြင့် ကျင်းပရာ အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေစီမံအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့မှ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေစီမံအုပ်ချုပ်မှုအာဏာပိုင် အဖွဲ့ ဒုတိယဝန်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ရေးနယ်မြေ၏ ဒုတိယ ဥက္ကဋ္ဌနှင့် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အလှည့်ကျသဘာပတိဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးတို့က အဖွင့်အမှာ စကား ပြောကြားကြသည်။

အစည်းအဝေးတွင် (၂၃)ကြိမ်မြောက် အာဆီယံတရုတ်ထိပ်သီးအစည်းအဝေးနှင့် အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှု နှစ်(၃၀)ပြည့် အခမ်းအနားအထိမ်း အမှတ် အဖြစ် ကျင်းပခဲ့သည့် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးမှ ထွက်ပေါ် လာသော လမ်းညွှန်ချက်များအနက် ပိုးမွှား ရောဂါကင်းစင်ရေးနှင့် သက်ဆိုင်သည့် အရေးကြီးသော အချက်များကို တင်ပြဆွေးနွေးခြင်း၊ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းကျင်းပခဲ့သည့် (၇)ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှား ရောဂါကင်းစင်ရေးဆိုင်ရာ လုပ်ငန်းများအတွက် ချိတ်ဆက်ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များ အစည်းအဝေးမှရလဒ်များ၊ အာဆီယံ တရုတ် ပိုးမွှားရောဂါ ကင်းစင်ရေးဆိုင်ရာလုပ်ငန်း အစီအစဉ် (၂၀၁၉-၂၀၂၀)၏ ဆောင်ရွက်ပြီးစီး မှုအခြေအနေများ၏ဆွေးနွေးတင်ပြချက်များ အပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် လမ်းညွှန်ချက်များ ချမှတ်ပေးခြင်း၊ (၂၀၂-၂၀၂၃) တွင် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်အသစ်နှင့် ၂၀၂၁ ခုနှစ်အတွင်း လက်မှတ်ရေးထိုးမည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် အစည်းအဝေး ၏ ပူးတွဲကြေညာချက်အား လက်ခံအတည်ပြုခြင်း တို့ကို ဆွေးနွေးသဘောတူညီခဲ့ကြောင်း သိရသည်။

သတင်းစဉ်