Skip to main content

ရိတ်သိမ်းချိန် လွန်နည်းပညာပြန့်ပွားရေးနှင့် လက်တွေ့အသုံးချရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၁၃

ပြည်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရဓါတ် ပြည့်ဝစွာစားသုံးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးဧရိယာ တိုးချဲ့ခြင်း၊ တစ်ဧကအထွက်နှုန်းတိုးရေးဆောင်ရွက်ခြင်းလုပ်ငန်းများအပြင် ရိတ်သိမ်းပြီး နောက်ပိုင်း ကာလ လုပ်ငန်းစဉ်များ၌ ဖြစ်ပေါ်လျက်ရှိသည့် လေလွင့်ဆုံးရှုံးမှုများ လျော့ချရေးလုပ်ငန်း ကိုလည်း အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ထုံးဘိုရှိ စိုက်ပျိုးရေးဦးစီးဌာန  ရိတ်သိမ်းချိန်လွန် နည်းပညာ သင်တန်းကျောင်းခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO ၏ ခန့်မှန်းချက်အရ တစ်ကမ္ဘာလုံး၌ နှံစားသီးနှံတွင် ၂၀ ရာခိုင်နှုန်း၊ နို့ထွက်ပစ္စည်းနှင့် ငါးလုပ်ငန်းတွင် ၃၀ ရာခိုင်နှုန်း ၊ ဟင်းသီးဟင်ရွက်နှင့် သစ်သီးဝလံတွင် ၄၀ ရာခိုင်နှုန်း  အထိ အစားအစာဆုံးရှုံးမှုနှင့် အလေအလွင့် ဖြစ်ပေါ်နေသဖြင့် မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်များတွင် အစားအစာဆုံးရှုံးမှုနှင့် အလေအလွင့်လျှော့ချနိုင်ရေးအတွက် သက်ဆိုင် ရာဌာနများ၊ တောင်သူများနှင့် ပုဂ္ဂလိကများပူးပေါင်း၍ ရိတ်သိမ်းချိန်လွန် နည်းပညာ ပြန့် ပွားရေးနှင့် လက်တွေ့အသုံးချရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး သည် ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်း ရှိ ဓါတ်ခွဲခန်းများ၊ ပြုပြင်ထုပ်ပိုးစက်ခန်းများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ သင်တန်းကျောင်းအုပ်ဆရာမကြီး နှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။

ထို့နောက်ရှင်းလင်းဆောင်တွင် ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်း (ထုံးဘို) သင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမိခိုင်၊ စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး)  ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဆွေနှင့်  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း တို့က ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်စွက်မှာကြားပြီး ရိတ်သိမ်းချိန်လွန်နည်းပညာ သင်တန်းကျောင်း (ထုံးဘို) နှင့် စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး)တို့မှ ဆရာ၊ဆရာမ ဝန်ထမ်းများအတွက် ထောက်ပံ့ဆန်များ ပေးအပ်ခဲ့သည်။

သတင်းစဉ်