ရန်ကုန် စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး သည် ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ် သန့်ရှင်းသပ်ရပ်ရေးလုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီတွင် သာကေတမြို့နယ် ၂/မြောက်ရပ်ကွက် သဒ္ဒါရုံ/မင်းနန္ဒာ စည်ပင် ဝန်ထမ်း အိမ်ရာဝင်းရှေ့ သစ္စာလမ်းပေါ်၌ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ကြီးကြပ်မှုဖြင့် ကုန်စိမ်း၊ ကုန်ခြောက် မျိုးစုံ၊ အသားမျိုးစုံ နှင့် ငါး/ပုစွန် အမျိုးမျိုးတို့ကို ရွေ့လျားဈေးကား (Mobile Market)စနစ်ဖြင့် ရောင်းချနေမှု၊ ယင်းအိမ်ရာဝင်း အတွင်း လမ်းအရှည် ၄၅၅ ပေ၊ အကျယ် ၁၈ ပေ၊ ဒုခြောက်လက်မ ကွန်ကရစ်လမ်းခင်းကျင်းထားမှုတို့ကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် သာကေတ မြို့နယ် မြင်တော်သာလမ်းနှင့် အောင်ချမ်းသာ လမ်းအကြား ဧရာဝဏ်လမ်းမကြီး တစ်လျှောက် သန့်ရှင်းသပ်ရပ်စေရေးအတွက် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဧရာဝဏ်လမ်းဆုံမှ မင်းနန္ဒာလမ်းအတိုင်း စက်ရုံ လမ်းဆုံ၊ ၎င်းမှ သုဝဏ္ဏ တံတားနှင့်သာကေတတံတား ဟောင်းနေရာများအထိ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
လမ်းညွှန်မှာကြား
ထိုသို့ စစ်ဆေးစဉ် မြို့တော်ဝန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ကော်မတီပိုင်မြေများနှင့် အများပြည်သူ နေရာများတွင် သန့်ရှင်းသပ်ရပ်ရေးအတွက် တာဝန်ယူ ဆောင်ရွက်ရပါကြောင်း၊ ပိုင်ရှင် သို့မဟုတ် လက်ရှိ နေထိုင်သူရှိသည့် အဆောက်အအုံ၊ အဝန်းအဝိုင်းတွင် စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်အမှိုက်များအား စနစ်တကျထားရှိရေး၊ စနစ်တကျ စွန့်ပစ်ရေး ညွှန်ကြားခြင်း၊ ကြပ်မတ်ခြင်း၊ အရေးယူခြင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန် အဆောက်အအုံ များ၊ နောက်ဖေးလမ်းကြားများ၊ လူသွားလမ်းများ၊ ခြံဝင်းနှင့် မြေကွက်လပ်များရှိ အမှိုက်များ၊ အညစ်အကြေးများ၊ ရေဝပ်ခြင်း များကို ဖယ်ရှား၊ ပြုပြင်၊ ရှင်းလင်းစေရန် ပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်သူကို ညွှန်ကြားရန်နှင့် ထိုသို့ညွှန်ကြားထားသည်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ကော်မတီ၏ အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ပြီး ကုန်ကျစရိတ်ကိုပေးရန် ပိုင်ရှင် သို့မဟုတ် လက်ရှိ နေထိုင်သူကို တောင်းဆိုရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ (၂၀၁၈ ခုနှစ်) မှ ပြဋ္ဌာန်းထားသည်နှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားသည်။
သတင်းစဉ်