Skip to main content

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ

ရန်ကုန် စက်တင်ဘာ

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း အမှတ် (၂၂၈) ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်း ပထမထပ် စုဝေးခန်းမ၌ ကျင်းပသည်။

ယနေ့တွင် တက်ရောက်လာ သူ ၂၉ ဦးက သတင်းမီဒီယာ ကောင်စီဝင်ကိုယ်စားပြု ကိုယ်စားလှယ်အတွက် ဆန္ဒမဲပေးကြရာ ၁၁ ဦး ရွေးချယ်ခံရပြီး အဆိုပါ ၁၁ ဦးမှ လေးဦးကို မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီဝင်အဖြစ် ရွေးချယ်တင်မြှောက်ကြသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်၂၃ ဦးရှိပြီး ယနေ့ ရွေးချယ်တင်မြှောက်သော လေးဦးကို ကန့်ကွက်လိုပါက ယနေ့မှစ၍ ခုနစ်ရက်အတွင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့ထံ စက်တင်ဘာ ၁၃ ရက်အထိ ကန့်ကွက်စာပို့နိုင်ပြီး လက်ခံရရှိပြီး ၁၅ ရက်အတွင်း ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ကြားနာစစ်ဆေးဆုံးဖြတ်ကာ အတည်ပြု ပေးမည်ဖြစ်သည်။

စက်တင်ဘာလကုန်ပိုင်းတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်အသစ် ရွေးချယ်တင်မြှောက် ပွဲကို ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ(၁)၊ ဒုတိယဥက္ကဋ္ဌ(၂)၊ အတွင်းရေး မှူး(၁)၊ အတွင်းရေးမှူး(၂) အပါ အဝင် နေရာရှစ်နေရာအတွက် ထပ်မံကျင်းပသွားမည်ဖြစ်ပြီး ယနေ့တွင် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲ၌ ဦးနေထွန်းဝင်း (နောင်ရဲဦး) ဦးစိုးမင်း (ရန်ကင်း စိုးမင်း) ဦးရဲရင့်စိုးညွန့်နှင့် ဒေါ်ချိုဇင်(နွေဦးလင်း)တို့ ရွေးချယ်ခံရကြောင်း သိရသည်။

ညိမ်းသူ

ဓာတ်ပုံ-ဇော်မင်းလတ်

(သတင်းစဉ်)