Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော် စက်တင်ဘာ  ၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၆ ရက် ဒေသစံတော်ချိန်ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirsk မြို့၊ Tolmachevo လေဆိပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ အမှတ်(၄၁) တပ်မ ထောက်လှမ်းရေးဌာနအကြီးအကဲ Colonel Dimity V. Menchov နှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံစစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများသည်လည်း ပြန်လည်လိုက်ပါလာခဲ့ကြသည်။

ခရီးစဉ်အတွင်း International Army Games-2021 ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း၊ ရုရှားဖက်ဒရေးနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများအပြင် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက်နည်း ပညာဆိုင်ရာကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ သုတေသနလုပ်ငန်းကဏ္ဍ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင် ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစံတော်ချိန် ယနေ့နံနက် ၈ နာရီခန့်တွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ကာကွယ်ရေးဉီးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံရုံး ဒုတိယအကြီးအကဲ Mr. Pavel Klabukov နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။

(သတင်းစဉ်)