မန္တလေး စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးတို့သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ပြင်ဦးလွင်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံ ခုတင်(၇၀၀)တွင် အရပ်ဘက်မှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့် လူနာများကို ကုသစောင့်ရှောက်ပေးခဲ့ကြ သည့် ဆရာဝန်၊ သူနာပြုနှင့် ဆေးဝန်ထမ်းများအား ဂုဏ်ပြုသည့် အခမ်းအနားသို့ ယနေ့နံနက် ၉ နာရီက ရောက်ရှိလာရာ အဆိုပါ ဆေးရုံမှ ဆေးရုံတပ်မှူး ဗိုလ်မှူးချုပ် မျိုးသန့်နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုစကားပြောကြားရာတွင် ကိုဗစ်တတိယလှိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူများ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်မှု များကြောင့် ယခုအခါ ကူးစက်သေဆုံးမှု သိသာစွာ ကျဆင်းလာကြောင်း၊ တပ်မတော်ဆေးရုံ ခုတင် (၇၀၀) မှ ဆရာဝန်၊ သူနာပြု၊ ဆေးဝန်ထမ်းများအနေဖြင့် အရပ်ဘက်မှ တက်ရောက်ကုသကြသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ အရပ်ဘက်လူနာများကို
ရောဂါကူးစက်ပြီး မိမိအသက်ကို ထိခိုက်အန္တရာယ် ရှိနိုင်သော်လည်း အသက်ပဓာနမထားဘဲ ကိုယ်ရောစိတ်ပါ ကုသပေးသည့်အတွက် အထူးကျေးဇူး တင်ရှိကြောင်း ဂုဏ်ပြုစကားပြောကြား သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ အရပ်ဘက် လူနာများကို ကုသစောင့်ရှောက်ပေးခဲ့ကြသည့် ဆရာဝန်၊ သူနာပြု၊ ဆေးဝန်ထမ်းများအတွက် အာဟာရဖြည့်စွက်စာအဖြစ် ဂုဏ်ပြုငွေကျပ်သိန်း ၅၀ ကို ပေးအပ်ရာ အမှတ်(၁) တပ်မတော် ဆေးရုံ ခုတင်(၇၀၀) ဆေးရုံ တပ်မှူး ဗိုလ်မှူးချုပ်မျိုးသန့်က လက်ခံယူပြီး ကျေးဇူးတင်စကား ပြောကြားကြောင်း သတင်းရရှိသည်။
သတင်းစဉ်