ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များ၌ စုရပ်များခွဲ၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး သူများ၏စကားသံများကို မေးမြန်းဖော်ပြလိုက်ရပါသည်။
ဒေါ်အေးမွန်စီ(သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)
ရောဂါကူးစက်မှုခံရတဲ့အခါ ဆေးမထိုးရသေးတဲ့သူတွေနဲ့ ဆေးထိုးပြီးသားသူတွေနဲ့ယှဉ်ရင် ဆေး ထိုးပြီးသားသူတွေက ခံနိုင်ရည်ရှိတယ်။ ဆေးမထိုးရသေး တဲ့သူတွေက တော်တော်ကလေး ခံစားရတယ်။ တချို့ဆို အသက်ဆုံးရှုံးရတဲ့အထိ ခံစားရတယ်။ ဆေးထိုး ပြီးသူတွေက အသက် ဆုံးရှုံးမှုနည်းတယ်။ အခု ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးပြီးပြီ။ ဓာတ်မတည့် တာ၊ တခြားနာ ကျင်ခံစားရတာတော့ မရှိဘူး။ အားလုံးပုံမှန်ပါပဲ။ ကာကွယ်ဆေးမထိုးရသေးတဲ့ အချိန်တွေမှာ ရော၊ ကာကွယ်ဆေးထိုးပြီးတဲ့အချိန်တွေမှာရော နေတာထိုင်တာ၊ သွားတာလာတာကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ နေထိုင်ပါတယ်။
ကာကွယ်ဆေးထိုးပြီးမှ ကူးစက်ခံရတာ ကျွန်မတို့ အသိထဲမှာရှိပါတယ်။ အသိတစ်အိမ်သားလုံး ကူးစက်ခံရတယ်။ သူတို့ကဝန်ထမ်းတွေဆိုတော့ အလုပ်သွားလာတာကနေစပြီး ပါလာ တာထင်တယ်။ ဒါပေမယ့် အိမ်သားတွေ အကုန်လုံးကကာကွယ်ဆေး ထိုးပြီးသားတွေဆိုတော့ နေမကောင်းခဏဖြစ်ပြီး ပြန်ကောင်းသွားကြတယ်။ အဲဒါကြောင့် ကာကွယ် ဆေးထိုးနှံတာ အကောင်းဆုံးပါ။ ကျွန်မ အစ်ကို တစ်ယောက်ကျတော့ ဆေးမထိုးထားရသေးတဲ့ အတွက် ကူးစက်ခံရတဲ့အခါ အတော်ခံလိုက်ရတယ်။ အသက်ဆုံးရှုံးပြီလို့တောင် ထင်ထားတာ။ ကံကောင်းလို့ အသက်မသေခဲ့ဘူး။ အဲဒါကြောင့်ကိုယ့်ဆွေမျိုး၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေ အားလုံးကိုကာကွယ်ဆေးထိုးနှံဖို့တိုက်တွန်းပါတယ်။ အခုထိုးပေးတဲ့ ကာကွယ်ဆေးတွေက ဈေးကြီးတယ် ကြားတယ်။ နောက်ပြီး အပြင်မှာ ထိုးမယ်ဆို အတု၊ အစစ်ပြဿနာက ရှိသေးတယ်။ အခု နိုင်ငံတော် အစိုးရက အခမဲ့ထိုးနှံပေးတော့ အားလုံးကာကွယ် ဆေးထိုး နှံသင့်ပါတယ်။
မနန်းရွှေလီ (ပညာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)
အခုထိုးပေးတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးက ရောဂါဖြစ်ပွားမှုကနေ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်ဆိုတာ သိထားတယ်။ ကျွန်မတို့ ပတ်ဝန်းကျင်မှာလည်း ကိုဗစ်-၁၉ ဖြစ်တဲ့သူတွေ ရှိပါတယ်။ သူတို့ ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့အချိန်မှာ ကာကွယ်ဆေးထိုးနှံထားတဲ့ အတွက် ပြင်းထန်စွာခံစားရတာမရှိဘဲ သာမန် လက္ခဏာလောက်ပဲ ခံစားရတယ်လို့ ပြောပါတယ်။ ကာကွယ်ဆေးထိုးနှံထားခြင်းက မိမိရဲ့ အသက်ကို သေဆုံးခြင်းကနေ အမှန်တကယ် ကာကွယ်ပေးတဲ့ အပြင် ကိုယ့်ရဲ့ မိသားစု ၊ ကိုယ်နေထိုင်တဲ့ ပတ်ဝန်း ကျင်အတွက် လုံခြုံတယ်လို့ ခံစားရပါတယ်။ ဆေးထိုးထားတော့ ရောဂါကူးစက်မှု နည်းလာမယ်။ အခုလို ကာကွယ်ဆေးထိုးပြီးပြီဆိုပေမယ့်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကာကွယ်ရေးနည်းလမ်းတွေကိုတော့ ဆက်လက် လိုက်နာသွားရမှာပါ။ နိုင်ငံတော်အနေနဲ့ ကိုဗစ် -၁၉ ကာကွယ်ဆေးကို အသက် ၁၈ နှစ်ပြည့်ပြီး ပြည်သူ တွေကို ပြည်ပကနေ ဝယ်ယူထားတဲ့ ကာကွယ်ဆေး ရောက်ရှိတဲ့ အရေအတွက်အပေါ် မူတည်ပြီး ဆက်လက်ထိုးနှံပေးမယ်လို့ သိရပါတယ်။ ဒါကြောင့် ကိုဗစ်ကာကွယ်ဆေး မထိုးရသေးတဲ့ ပြည်သူတွေ အနေနဲ့ ဆေးထိုးနှံဖို့ အခွင့်အရေးရပြီဆိုတာနဲ့ အမြန်ဆုံးလာရောက်ထိုးနှံကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဦးလှသန်း(ပညာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)
ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်မြောက် ထိုးနှံပြီး ပါပြီ။ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး အဘတို့ ပတ်ဝန်းကျင်မှာ ကူးစက်တာမရှိသေးဘူး။ ကိုဗစ်ရောဂါ လက္ခဏာတွေကိုတော့ နိုင်ငံပိုင် သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေက တစ်ဆင့်နေ့စဉ်အသိပညာပေးနေတော့ သိတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုး ထားရင် ကူးစက်ခံခဲ့ရင်တောင် ခံနိုင်ရည်ရှိတယ် ဆိုတာသိရတော့ ဆေးထိုးထားတာ ပိုလုံခြုံတယ်လို့ ယုံကြည်ပြီး ဆေးထိုးဖြစ်တာပါ။ အဘ အသက်က ၇၀ ကျော်နေပြီဆိုတော့ ကူးစက်ခံရမှာ ကြောက်တာ ပေါ့။ အသက်ကကြီးပြီဆိုတော့ သွေးတိုး၊ ဆီးချိုတော့ ရှိတယ်။ ဒါပေမယ့် အခုကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးပြီဆိုတော့ စိတ်လုံခြုံသွားတယ်။ အခု ကာကွယ်ဆေးကလည်း ၇၀ ရာခိုင်နှုန်းကျော်အထိ ကိုဗစ်ကို ကာကွယ်ပေးနိုင်တယ်လို့ သိထားတယ်။ အခုက အသက် ၆၅ နှစ် အထက်တွေကိုပဲ ကာကွယ် ဆေးထိုးပေးတဲ့အတွက်ကျန်တဲ့မိသားစုဝင်တွေက အသက်ငယ်တဲ့အတွက်ဆေးမထိုးရသေးဘူး။ သူတို့ကိုလည်း ဆေးထိုးနှံစေချင်တယ်။ ဆေးမထိုးရသေး တဲ့ ပြည်သူတွေအနေနဲ့ ဆေးထိုးနှံ ရမှာကို မကြောက် ကြပါနဲ့၊ ဆေးထိုးတာက နာလည်းမနာဘူး၊ ရောဂါ အခံ ရှိ၊ မရှိနဲ့ တည့်၊ မတည့် သေချာစမ်းသပ်ပြီးမှ ထိုးတာဆိုတော့ စိတ်ချရပါတယ်။ ဆေးထိုးနှံပေးတဲ့ နိုင်ငံတော် အစိုးရကို ကျေးဇူးတင်ပါတယ်။
ကိုရန်နိုင်ထွန်း ၊ (သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)
ကာကွယ်ဆေးထိုးတာက မိမိကိုယ်ကို ကာကွယ် ပြီးသားလည်းဖြစ်တယ်၊ လုံခြုံမှုလည်း ရှိသွားတယ်လို့ ခံစားရတယ်။ ဒါ့ပြင် ကိုယ့်မိသားစုကိုလည်း ကာကွယ်ပေးပြီးသားဖြစ်တဲ့ အတွက် လာရောက် ထိုးနှံတာဖြစ်တယ်။ ကျွန်တော်က ပုဂ္ဂလိက ဝန်ထမ်း ပါ။ ပတ်ဝန်း ကျင်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့သူတွေ ရှိတယ်။ ဆေးမထိုးရသေးတဲ့သူတွေက ဆေးထိုး ပြီးသားသူတွေနဲ့စာရင် ပိုခံစားရတယ်၊ ရောဂါ ပြင်းထန်တာကိုသတိထားမိတယ်။ ဆေးထိုး ပြီးသား သူတွေက ကူးစက်ခံရရင်တောင် ခံနိုင်ရည်ရှိတာ သတိထားမိတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ကာကွယ် ဆေးကို အခွင့်အရေးရရင်ရသလို လူတိုင်းထိုးထား သင့်ပါတယ်။ ပြည်သူတွေ အားလုံး ထိုးနှံခွင့်ရပြီ ဆိုရင် ဒီရောဂါကို ထိန်းချုပ်နိုင်မယ်။ အခုချိန်မှာ နိုင်ငံတော်အစိုးရက ဦးစားပေး အုပ်စုအလိုက်ထိုးပေးနေတာဆိုတော့ အားလုံးတော့ မထိုးနှံရသေးဘူး။ အစိုးရအ နေနဲ့ အခုလို ပုဂ္ဂလိကဝန်ထမ်းတွေကိုပါ အခမဲ့ထိုးနှံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရောဂါမြန်မြန်ပျောက်ကင်းအောင် မထိုးရသေးတဲ့ သူတွေကိုလည်း အကုန်ထိုးနှံပေးစေချင် ပါတယ်။
ဒေါ်ကျင်လွမ်း (ဇေယျာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)
အဘွားက အသက် ၈၀ ကျော်ပြီ။ အခု ဆေး နှစ်ကြိမ်မြောက် လာရောက်ထိုးနှံတာပါ။ ကာကွယ်
ဆေးနှစ်ကြိမ်စလုံး အပြည့်အဝ ထိုးနှံပြီးပြီဆိုတော့ ဝမ်းသာပါတယ်။ အခု နိုင်ငံတော်က ထိုးနှံ ပေးတဲ့ ကာကွယ်ဆေးတွေကို ထိုးဖြစ်အောင် ထိုးကြပါလို့ ( ဆေးမထိုးရသေးတဲ့ ပြည်သူတွေကို တိုက်တွန်းချင်တယ်။ ဆေးထိုးပြီးရင်တော့ ဘာဖြစ်ဖြစ် အကာ အကွယ် ရထားတာပေါ့။ ကျန်းမာမှ ဘုရား၊ တရားနဲ့ ကုသိုလ်ကောင်းမှုတွေ လုပ်နိုင်မှာပါ။ အဘွားတို့လို သက်ကြီးရွယ် အိုတွေကို ဆေးထိုးနှံခွင့်ပြုပေးတဲ့ အတွက် ကျေးဇူးတင်တယ်။ သူတို့လည်း ကုသိုလ် ရတာပေါ့။
ကိုဇော်မင်းသိန်း(ဌာနဆိုင်ရာဝန်ထမ်း)
ကျွန်တော်ကကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံပြီးပြီ။ ဆေးထိုးထားတော့ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိတယ်။ တကယ်လို့ ရောဂါကူးစက်ခံရရင်တောင် ခံနိုင်ရည်ရှိမယ်ဆိုတာ ယုံကြည်တယ်။ လူငယ်ဆိုတော့ လွတ်လပ်မှုကိုကြိုက်တယ်။ အခုလိုကိုဗစ်ရောဂါတွေဖြစ် နေတော့ ခရီးလည်းမထွက် ရတာကြာပြီ။ အစိုးရကလည်း ပြည်သူတွေကောင်းစေချင်လို့ ခရီးသွားလာခွင့်တွေ၊ Stay Homeတွေ လုပ်တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့တွေ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေအတိုင်းလည်း သွားလာ နေထိုင်မယ်။ တစ်ဖက်ကကာကွယ်ဆေးတွေ ပြည်သူတွေအားလုံး ထိုးနှံပြီးကြပြီဆိုရင်အရင်လိုပဲ ခရီးတွေထွက်နိုင်မယ်၊ အဝေးရောက် သူငယ်ချင်းတွေ ပြန်လည်ဆုံဆည်းခွင့် ရမယ်လို့ ယုံကြည်တယ်။ ဒါကြောင့် အခုအချိန်မှာ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့ နေထိုင်ပြီး ကာကွယ် ဆေးထိုးနှံကြပါလို့ တိုက်တွန်းပါတယ်။
တွေ့ဆုံမေးမြန်း - ဟန်မင်း
ဓာတ်ပုံ- ကိုထိန်