နေပြည်တော် စက်တင်ဘာ ၂
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။
စက်တင်ဘာလ ၄ ရက် (စနေနေ့)တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် အရသာချိုမြိန်သည့် မြက်များကို စွဲလမ်းနှစ်သက်မိသည့်အတွက် အရသာ၏ နောက်သို့လိုက်ရင်း ဥယျာဉ်မှူး၏ လှည့်ကွက် အတွင်းသို့ရောက်ရှိပြီး ဘုရင့်ထံ ဆက်သခံရသည့် ရွှေသမင်လေး အကြောင်း တင်ဆက်ထားသည့် “အရသာ အာရုံ” မျက်နှာဖုံး ဇာတ်လမ်း၊ လူတို့ ခန္ဓာကိုယ်ရှိ အာရုံခံစားမှုများအကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “အာရုံခံစားမှုများ” သုတဆောင်းပါး၊ သူတစ်ပါး၏ လုပ်အားအပေါ် အမြတ်ထုတ်လိုသူတို့၏ အခက်တွေ့ရပုံကို သင်ခန်းစာယူဖွယ် တင်ဆက်ထားသည့် “ကိုယ့်အတက် ကိုယ်စူး” နှစ်မျက်နှာ ကာတွန်း၊ ကိုဗစ်ကာလအတွင်း ကလေးများ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ရန်၊ ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်နေထိုင်ကြရန်နှင့် လက်လှမ်းမီ အပျင်းပြေ ဖျော်ဖြေရေးနည်း လမ်းများတွင် လိုက်ပါဆောင်ရွက်ကြသင့်ပုံကို တင်ဆက်ထားသည့် “ကလိုက်ကြစို့ တူပျော်ပျော်" ကလေးဝတ္ထု၊ မိမိပိုင်ဆိုင်ထားသည့် အလှအပသည် သဘာဝကပေးသည့် ဆုလာဘ် တစ်ခုဖြစ်ပုံ၊ မိမိနှင့်သူတစ်ပါးကို အမြဲနှိုင်းယှဉ်ပြီး အားငယ်စိတ် မဝင်သင့်ပုံကို သင်ခန်းစာပေးတင်ဆက်ထားသည့် ကျီးကန်းလေးမဲမဲပါဝင်သည့် “အပျော်ဆုံးက ဘယ်သူဖြစ် မလဲ” ပုံပြင်၊ သူငယ်ချင်း ဖြစ်သူအပေါ် သံသယထားနေရာမှ သူငယ်ချင်း၏ စိတ်ထားကောင်း၍ လူကြီးသူမအပေါ် ကူညီတတ်ပုံကြောင့် အချင်းချင်း ပြန်လည်ချစ်ခင် သွားကြပုံကို တင်ဆက် ထားသည့် “ပေါက်ကျော်ပါဝင်သော ချစ်ချစ်ခင်ခင်” နှစ်မျက်နှာ ကာတွန်းအပါအဝင် ရွှေသွေး အင်္ဂလိပ်စာကဏ္ဍ၊ ပုံဆွဲနည်း အခြေခံနည်းလမ်းကဏ္ဍ၊ ကဗျာကဏ္ဍ စုံလင်စွာဖြင့် ဖတ်စရာ မှတ်စရာများ ပါရှိကြောင်း သိရှိရသည်။
သတင်းစဉ်